နေပြည်တော်၊ ဒီဇင်ဘာ-၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက်ရန် ဦးဆောင်ကော်မတီ ဖွဲ့စည်းချိန်မှစ၍ ယနေ့အထိ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်မှာ (၁၇) ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင်အစည်းအဝေး (၁၆) ကြိမ်အထိ ဆုံးဖြတ်ချက် (၅၆၀) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ချက်ချင်းလိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စဉ်ဆက်မပျက် ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကြောင့် စားသုံးသူများနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ များစွာ နစ်နာရသည့်အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးအရေးယူဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်၏ အခွန်ငွေရရှိမှုလည်း များစွားဆုံးရှုံးနစ်နာရပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကြောင့် ကုန်ကျစရိတ်များလည်းရှိကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှု အပိုင်းအနေဖြင့် တရားမဝင်တင်သွင်းလာသော အရည်အသွေးမမီဘဲ ဈေးသက်သာသော ကုန်ကြမ်းပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများတွင် အရည်အသွေး ပြည့်မီခြင်းမရှိနိုင်သဖြင့် ပြည်တွင်းသုံးစွဲသူများကို ဘေးအန္တရာယ်ဖြစ်စေယုံသာမက ပြည်ပတင်ပို့မှုပိုင်းတွင်လည်း နိုင်ငံတကာဈေးကွက်၌ နှိုင်းယှဉ်ပါကလည်း အရည်အသွေးမမီသည့် ပို့ကုန်ပစ္စည်းများကြောင့် မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝေစုရရှိမှု များစွာ ထိခိုက်နစ်နာစေနိုင်ကြောင်း။
အာမခံချက်မရှိဘဲ ဈေးပေါပေါဖြင့် တင်သွင်းလာသည့် အတု၊ အပ အရည်အသွေးမမီသည့် ကုန်ကြမ်းပစ္စည်းများကြောင့် ပြည်တွင်းထုတ်လုပ်မှုတွင်လည်း အရည်အသွေးမမီခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ နစ်နာဆုံးရှုံးနိုင်ကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေသည့် တရားမဝင် ကုန်သွယ်မှုများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နစ်နာရုံသာမက တရားမဝင်ကုန်သွယ်မှုကြောင့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်စသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သော အခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP ကိုလည်း ကျဆင်းစေသည်ကိုတွေ့ရှိရကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံတော်၏ဝင်ငွေကို ထိခိုက်စေနိုင်ပြီး သုံးစွဲမှုအပိုင်းတွင်လည်း ဝင်ငွေ၊ ထွက်ငွေ မမျှတသည့်အတွက် ငွေကြေးဖောင်းဖွမှုကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးသည် အရေးကြီးသည့်လုပ်ငန်းဖြစ်ပြီး ဦးဆောင်ကော်မတီ၊ အထူးအဖွဲ့များမှလည်း နိုင်ငံတော်အတွက် အဓိကအထောက်အကူပြုသည့် အဖွဲ့များ ဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုများကို ဆက်လက်ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကုန်သွယ်မှု၏ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းရည်နှင့် ဂုဏ်သိက္ခ္ခ္ခ္ခာ ကျဆင်းလာခြင်း၊ စာရိတ္တနှင့် စိတ်ဓါတ်များလျော့ကျလာခြင်း တို့ကြောင့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ကိုလည်း ထိခိုက်စေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမောင်းနှင်အား ကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက အဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေး အရေးယူရန်လိုအပ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တစ်ဖက်ကလည်း နိုင်ငံတော်ကချမှတ်ထားသည့် ပို့ကုန်တိုးတက်ရေးအတွက် ကုန်သွယ်မှု မြှင့်တင်ရေး၊ ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း။
နိုင်ငံတိုင်းရှိ အစိုးရများတွင် သက်တမ်းရှိပါကြောင်း၊ အစိုးရများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများအတွက် မူဝါဒချမှတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးများကို မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိရာ စီးပွားရေးပိုင်းတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် ကန့်သတ်ချက်များ၊ အခက်အခဲများအပေါ် မည်ကဲ့သို့အောင်မြင်စွာ ကျော်လွှားအကောင်အထည်ဖော်နိုင်မည်ကို စဉ်းစား လုပ်ဆောင်ခြင်းမရှိဘဲ တွေ့ကြုံရသည့် အခက်အခဲများအပေါ် လုပ်ငန်းမအောင်မြင်နိုင်ကြောင်း သုံးသပ်ပြီး လုပ်ငန်းများအကောင်အထည်ဖော်ရန် နှောင့်နှေးနေ၍မရဘဲ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဒေသအလိုက်၊ လုပ်ငန်းအလိုက်ဆောင်ရွက်နိုင်သည့် ရရာနည်းလမ်းများကို ရှာဖွေရွေးချယ်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၄၁ ဘီလီယံ တင်ပို့နိုင်ခဲ့ရာ အဓိက ပို့ကုန်များအနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ကြက်သွန်၊ ရာဘာစိမ်း၊ ရေထွက်ပစ္စည်းများနှင့် သတ္တုတွင်းထွက်ပစ္စည်းများကို အဓိက တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုဝင်ဘာလအထိ ပို့ကုန်တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၂၅ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပို့ကုန်တင်ပို့မှု မြင့်မားတိုးတက်စေရေးအတွက် ယခုဘဏ္ဍာနှစ် ဖြစ်သော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ထိထိမိမိဆောင်ရွက်နိုင်ရန် လိုအပ်မည့် သွင်းအားစုများ၊ တိရစ္ဆာန် အစားအစာများကိုလည်း သက်ဆိုင်ရာဌာနများအနေဖြင့် အချိန်မီရရှိနိုင်ရေးနှင့် အရည်အသွေးမီ အဆင့်အတန်းရှိသည့် ကုန်ကြမ်းပစ္စည်းရရှိရေးကို စီမံဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေး (၁၆) ကြိမ်အထိ ဆုံးဖြတ်ချက် (၅၆၀)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုများ အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၂) နှစ်နှင့် (၁၁) လကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ (၁၇၂၅၈) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၇၉ ဒသမ ၂၄၇) ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံး၊ ကရင်ပြည်နယ်က ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများက အများဆုံးဖြစ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင် မော်တော်ယာဉ်ဖမ်းဆီး ရရှိမှုများက ဒုတိယအများဆုံးနှင့် တတိယအများဆုံးသည် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ဖြစ်ကြောင်း။
၂၀၂၄ ခုနှစ်၊ လအလိုက် ဖမ်းဆီးရရှိမှုမှာ တစ်လထက်တစ်လ တိုးတက်ဖမ်းဆီးနိုင်ခဲ့သော်လည်း မိမိနိုင်ငံနှင့် ကုန်သွယ်ဖက်အိမ်နီးချင်းနိုင်ငံတို့၏ ပို့ကုန်/သွင်းကုန် လက်ခံစာရင်းများ တိုက်ဆိုင် စစ်ဆေးရာတွင်မူ မိမိနိုင်ငံ၏ ပို့ကုန်ပိုင်းမှာရော သွင်းကုန်လက်ခံပိုင်းမှာပါ အိမ်နီးချင်းနိုင်ငံ၏ စာရင်းဇယားအရ များစွာလျော့နည်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ဦးဆောင် ကော်မတီနှင့် အထူးအဖွဲ့များနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ရှိသူ အသီးသီးသည် တရားမဝင်ကုန်ပစ္စည်းများအား ယခုထက်ပို၍ ၄ ဆခန့် ထိထိရောက်ရောက် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့ရမည်ဖြစ်ကြောင်း။
ပို့ကုန်တင်ပို့မှုအပိုင်းတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးကိုလည်း လမ်းညွှန်ထားပါကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက် နေသည့် MSMEs ကုန်ထုတ်လုပ်ငန်းများနှင့် ဆက်နွှယ်ထုတ်လုပ်သည့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုသည် လုပ်ငန်းရှင်များ အရည်အသွေးမီ ဈေးကွက်ဝင်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးအတွက် များစွာအဟန့်အတား ဖြစ်နေပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေနိုင်သည်ကို သတိပြုကြရန်လိုကြောင်း။
၎င်းအပြင် တရားမဝင်ကုန်သွယ်မှု တားဆီးဖော်ထုတ်ရာတွင် သတင်းရရှိမှုသည် အရေးကြီးကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း သတင်းရရှိမှု ၂၀၄ ကြိမ်ရရှိခဲ့ပြီး သတင်းမှား ၇၉ ကြိမ်၊ နောက်ကျသတင်း ၄ ကြိမ်၊ သတင်းမှန် ၁၂၁ ကြိမ် ဖြစ်ကြောင်း၊ သတင်းရရှိမှုများကြောင့် ဖမ်းဆီးရမိမှုအမှုတွဲ ၂၄၂ မှုနှင့် ဖမ်းဆီးရမိမှု တန်ဖိုးငွေကျပ် ၅ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းပေးပို့သည့် တာဝန်သိပြည်သူအရေအတွက် ယခုထက် ပိုမိုများပြားအောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် မူပိုင်ခွင့်အေဂျင်စီနည်းဥပဒေများကို ထုတ်ပြန် ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန် ပစ္စည်းများအတွက် မူပိုင်ခွင့်ရယူထား ရန်လိုကြောင်း၊ တာဝန်ရှိသည့် အေဂျင်စီများကလည်း မူပိုင်ခွင့် ဆိုင်ရာ လျှောက်ထားမှုများ သတ်မှတ်ချိန်အတွင်း အလွယ်တကူရရှိအောင် ဆောင်ရွက်ပေးရန်နှင့် ဥပဒေချိုးဖောက်သူများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ထို့ပြင် ဉာဏပစ္စည်း မူပိုင်ခွင့်ကိစ္စရပ်များတွင်လည်း ကျယ်ပြန့်ရှုပ်ထွေးရုံသာမက ပြင်းထန်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်စေကြောင်းနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD)၊ ကမ္ဘာ့ဉာဏပစ္စည်း မူပိုင်ခွင့်အဖွဲ့ (WIPO) တို့၏ တွေ့ရှိချက်များအရ ကုန်စည်အတုများ ကုန်သွယ်မှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၅၀၉ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေး၏ ၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ကုန်စည်အတုအပနှင့် ခိုးကူးကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းသည် အမြတ်အစွန်းများပြီး အန္တရာယ်နည်းပါးသည့်အတွက် လုပ်ကိုင်သူများပြားကြောင်း။
ပို့ကုန်တင်ပို့မှု မြင့်မားတိုးတက်စေရေး၊ MSMEs ကုန်ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် နိုင်ငံ့ဘဏ္ဍာအခွန်အခများ ဆုံးရှုံးမှု မရှိစေရေးတို့အတွက် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် တိုက်ဖျက် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် အဂတိတရားကင်းကင်းရှင်းရှင်း ဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုနှင့် ကုန်သည်လုပ်ငန်းရှင်များ အပိုင်းမှလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး နိုင်ငံတော်နှင့် ပြည်သူအားလုံးကို အကျိုးမပြုသည့် တရားမဝင် ကုန်သွယ်မှုများကို အတူတကွပူးပေါင်းပါဝင် တိုက်ဖျက်ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်သစ်များ၊ ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်းနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


