နေပြည်တော်၊ ဇန်နဝါရီ ၂
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေရေး ကျင်းပမည့်နေရာများ၌ အခမ်းအနားများ ဆောင်ရွက်မည့် အစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ဧည့်ခံကြိုဆိုနေရာချထားရေး၊ ဂုဏ်ပြုညစာ တည်ခင်းဧည့်ခံရေး၊ ဂုဏ်ပြုယာဉ်များ ဆုချီးမြှင့်မည့် အစီအစဉ်၊ လေထီးအလွတ်ခုန် အရာရှိ၊ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုဆု ပေးအပ်မည့်အစီအစဉ်၊ အလှပြ Drone များ လွှတ်တင်ဖျော်ဖြေမည့် အစီအစဉ်၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ ပဒေသာကပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အပါအဝင် အစီအစဉ်များအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ညှိနှိုင်းဆောင်ရွက်
ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအလိုက် အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက် ရိုးရာအစား အသောက်နှင့် အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်များ ဇန်နဝါရီ ၄ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်