နေပြည်တော် အောက်တိုဘာ ၂၅
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ် များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အတွင်းရေးမှူး၊ မသန်စွမ်း အဖွဲ့အစည်းများမှကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမျိုးသားကော်မတီအစည်းအဝေး များကို တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပခဲ့ရာ ယခုအစည်း အဝေးသည် ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း။ ယခုအချိန်ကာလသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကပ် ရောဂါနှင့် ရင်ဆိုင်ရဆဲဖြစ်ပြီး အောင်မြင်စွာဖြတ်ကျော် လျက်ရှိရာ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလများတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ထားရှိကြောင်း၊ အမျိုးသားကော်မတီ၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ကို အတည်ပြု ပြဋ္ဌာန်း ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအရင်းမပျောက် မတည်ငွေကျပ် (၃)ဘီလီယံကို တိုးပွားအောင် ဆောင်ရွက်ပြီးမသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများသို့ ထိထိရောက်ရောက် ပံ့ပိုးပေး နိုင်ရေးဆောင်ရွက်ခြင်းစသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ကိုမြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၊အာဆီယံမဟာဗျူဟာလုပ်ငန်းအစီအစဉ် ၂၀၂၅ တို့နှင့်အညီ ရေးဆွဲခဲ့ပြီး စက်တင်ဘာ ၁၅ ရက်တွင်မိတ်ဆက်ဖြန့်ချိပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆပ်ကော်မတီများ အလိုက်လုပ်ငန်းစီမံချက်များရေးဆွဲပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်နှင့် လုပ်ငန်းစဉ်များတွင်အသုံးစရိတ်များကျခံသုံးစွဲနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေး နှစ်တွင်ထည့်သွင်းလျာထားပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ တင်ပြတောင်းခံ သွားကြရန်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေများ၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များ၊ သတင်း အချက်အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေး၊ တရားမျှတမှုရ ရှိပိုင်ခွင့်၊ သုတေသနနှင့် စောင့်ကြည့်အကဲဖြတ် စသည်ဖြင့် ဆပ်ကော်မတီ(၉)ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း။
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်း ကို ကနဦးစီမံကိန်းနယ်မြေ (၄)ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအဆင့် အလိုက်လိုအပ်သောပံ့ပိုးမှုများကိုသိရှိပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများမှတ်ပုံ တင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မသန်စွမ်းသူများ အပေါ် ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်မည်ဖြစ်၍မသန်စွမ်းသူများ အတွက်အလွန်အကျိုးရှိစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀)ရှိသည့်အ တွက် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်စေရေး စီမံကိန်းရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
(၂၀၂၄)ခုနှစ်သန်းခေါင်စာရင်းကောက်ယူရာတွင်မသန်စွမ်းသူမှတ်ပုံတင်ခြင်း လုပ်ငန်း ကိုတစ်ပြိုင်တည်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေကျပ် (၃)ဘီလီယံကိုအလေအလွင့်မရှိစေဘဲ စနစ်တကျ တိုးပွားစေရေးအတွက် ပြန်လည်ထူ ထောင်ရေးဦးစီးဌာနနှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ စီးပွားရေးချေးငွေကာလတို (၃)နှစ် ထုတ် ချေးပြီး ရန်ပုံငွေကိုတိုးပွားအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုးပွားလာသည့် ရန်ပုံ ငွေကို မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် မသန်စွမ်းသူများ အကျိုးပြု လုပ်ငန်းများတွင်ထောက်ပံ့သုံးစွဲသွားမည်ဖြစ်သည့်အတွက် မသန်စွမ်းသူများအတွက် အမှန် တကယ်အကျိုးရှိစေမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၏အောက်တွင် ချေးငွေထုတ်ချေးရေးကော်မတီ၊ ချေးငွေစိစစ်ရေးအဖွဲ့နှင့် ချေးငွေကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ခွင့်ပြု ထားပြီးဖြစ်ကြောင်း၊ အရင်းမပျောက် မတည်ရန်ပုံငွေမှ တိုးပွား လာမည့် ရန်ပုံငွေကို မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး ပံ့ပိုးပေးမည့်အစီအစဉ် နှင့်စည်းမျဉ်းစည်းကမ်းများရေးဆွဲနိုင်ရေးအတွက် မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်း များနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားရကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရေး အတွက် အသက်မွေးဝမ်းကြောင်း ပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင် ဝင်ငွေရရှိရေးတို့သည် အရေးကြီးကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမ နှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် Vocational Training သင်တန်းများတွင် မသန်စွမ်းသူများ ပုံမှန်ပါဝင်တက်ရောက်နိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးအတွက် စက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီများ၊ လုပ်ငန်းရှင်များ၊ စီမံ အုပ်ချုပ်သူများကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေနှင့် ဝေပုံကျနှုန်းထား အသိပညာပေးခြင်းတို့ကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအားအလုပ်အကိုင်ခန့်ထားပေးသည့် လုပ်ငန်းအဖွဲ့ အစည်းများကိုလည်း ဂုဏ်ပြုပေးရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့် တင်ပေးရမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ SURAKATA (SOLO)မြို့၌ ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစား သမား (၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ် (၁၂)ခုနှင့် ကြေးတံဆိပ် (၁၇)ခု စုစုပေါင်း ဆုတံဆိပ် (၄၃)ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ (၁၁)နိုင်ငံအနက် အဆင့် (၆) နေရာရရှိခဲ့ သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အားကစားသည် ကိုယ်အင်္ဂါကျန်းမာကြံ့ခိုင် ရေးကို အဓိကရည်ရွယ်သော်လည်းအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံ နှင့်လူမျိုး ၏ဂုဏ်သိက္ခာကိုနိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေသဖြင့် အားကစား အဆင့် အတန်းမြင့်မားရေးသည် အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ကြောင်း။
မြန်မာမသန်စွမ်းအားကစားသမားများအနေဖြင့် မသန်သော်လည်း စွမ်းဆောင် ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ကြသူများဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် အောင်ပွဲရ မသန်စွမ်းအားကစားသမားများကို ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း၊ မျိုးဆက်သစ် မသန်စွမ်းအားကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ရလဒ်ကောင်းများ ရရှိခဲ့ သည့်အတွက် အမျိုးသား ကော်မတီဝင်အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် အမျိုးသား ကော်မတီ၏လုပ်ငန်းတာဝန်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင် ရာ ကဏ္ဍအလိုက် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် မသန်စွမ်းသူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင် က မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ နှင့် မြန်မာနိုင်ငံမသန် စွမ်းသူများအသင်းချုပ် (ယာယီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့)အတွင်းရေးမှူး တို့က မသန်စွမ်း သူများ၏ အခွင့်အရေး များနှင့် စပ်လျဉ်း ၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြပြီး အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဖြည့်စွက်ဆွေးနွေးရှင်းလင်း တင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူးဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၂/၂၀၂၂) ၏ လျာထားအစည်းအဝေးဆုံးဖြတ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)