နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်မှုနှင့် အခြားဒုစရိုက်လုပ်ငန်းများကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ မေးမြန်းမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

-၂-၂၀၂၅

 

ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေကြတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အခြားဒုစရိုက်လုပ်ငန်းတွေကို နိုင်ငံတော်အစိုးရ အနေနဲ့ နှိမ်နင်းနေတဲ့အခြေအနေနှင့် ပြည်သူ့စစ်မှုထမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာတွေကို ပြန်လည် ဖြေကြားသွားပါမယ်။

 

ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ တရားမဝင် အွန်လိုင်းလောင်းကစား ငွေကြေးလိမ်လည်မှု ကျားဖြန့်နဲ့ အခြား ဒုစရိုက်လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာလည်း ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု ကျားဖြန့်ကိုအကြောင်းပြုပြီး နိုင်ငံတော်မှာအခက်အခဲတွေဖြစ်ပေါ်နေတဲ့အတွက် ထိထိရောက်ရောက် အရေးယူမှုတွေ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းပြီး အဲဒီဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာ ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေ အခြား ဒုစရိုက်လုပ်ငန်းတွေမရှိစေရေး မဖြစ်ပေါ် စေရေးအတွက် ဖော်ထုတ်အရေးယူခြင်းတွေကို တင်းတင်းကျပ်ကျပ် ပြတ်ပြတ် သားသား ကိုင်တွယ်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းအပြင် မူးယစ်ဆေးဝါးကိစ္စတွေ၊ အခြားဒုစရိုက်မှုတွေပါ ပါဝင်ဆောင်ရွက်နေသူတွေအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူတွေ ပတ်သက်နေလို့ ရှိရင် အားလုံးကိုထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အားလုံးက အလေးထားလိုက်နာ ဆောင်ရွက် သွားကြဖို့ လေးနက်စွာပြောကြားခဲ့ပါတယ်။ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ပတ်သက်ပြီး နှိမ်နင်းရေးတွေ ဆောင်ရွက် ရာမှာ ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မြဝတီမြို့အနီး ရွှေကုက္ကိုနဲ့ KK Park နယ်မြေအတွင်းမှာလည်း အွန်လိုင်း လိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေ ကျူးလွန်ဖို့ အဓမ္မလူကုန်ကူးခြင်းခံရတဲ့ တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက် စတန်နိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါးဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးတို့ကို ဖော်ထုတ်ရရှိပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံတော်အစိုးရ တာဝန်ရှိတဲ့သူတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူ တွေက ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ၎င်းတို့ကို စစ်ဆေးမေးမြန်းချက်များအရ သူတို့သည် ကွန်ပျူတာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဘာသာပြန်လုပ်ငန်းတွေမှာ လစာတွေအများအပြား လုပ်ကိုင်ရမည် ဟု အွန်လိုင်းကနေတစ်ဆင့် သွေးဆောင်စည်းရုံးခြင်း၊ မက်လုံးပေးသိမ်းသွင်းခြင်း၊ လိမ်လည်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ သူတို့က သက်ဆိုင်ရာနိုင်ငံအသီးသီးကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၎င်းမှတစ်ဆင့် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို ကနဦးရောက်ရှိလာပြီး တရားမဝင် ကျားဖြန့်လုပ်ငန်းက ကိုယ်စားလှယ်တွေက ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ခေါ်ဆောင်ပြီး မြဝတီရွှေကုက္ကိုနဲ့ KK park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မ စေခိုင်း ခြင်းခံခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။

 

အလားတူ ရှမ်းပြည်နယ်အရှေ့မြောက် အရှေ့ဘက်တို့မှာလည်း အွန်လိုင်းလိမ်လည်မှု၊ ကျားဖြန့်နဲ့ပတ်သက်တဲ့၊ အခြား ဒုစရိုက်မှုတွေနဲ့ ပတ်သက်တဲ့ ဒုစရိုက်မှုတွေကို နိုင်ငံတော်အစိုးရအနေနဲ့ စစ်ဆင်ရေးတစ်ရပ်သဖွယ် ဆောင်ရွက်လျက် ရှိပါတယ်။ ယခုလ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ရှမ်းပြည်နယ် မိုင်းရယ်မြို့ မိုင်းဟဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေဟာ သွားရောက်ပြီး နယ်မြေစစ်ဆေးမှုတွေ ဆောင်ရွက် ခဲ့ပါတယ်။ မိုင်းရယ်မြို့နယ် မိုင်းဟဒေသ နောင်ဟန်ရွာအနီးမှာ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဆောက် အအုံခုနစ်လုံးကို တွေ့ရှိတဲ့အတွက် ဝင်ရောက်ပြီး ရှင်းလင်းခဲ့ရာမှာ လက်နက်တွေ၊ ခဲယမ်းတွေနဲ့အတူ ကျားဖြန့်လုပ်ငန်း တွေ လုပ်ကိုင်ရာမှာအသုံးပြုတဲ့ ဖုန်း ၁၈၁ လုံး၊ လပ်တော့ ၂၅ လုံး၊ Desktop ၂၁ လုံး၊ ကီးဘုတ် ၂၈ ခုနဲ့ ဝိုင်ဖိုင်စက် နှစ်လုံး၊ စတားလင့် အင်တာနက်ဆက်သွယ်ရေး စက်နှစ်စုံနဲ့ ဆိုလာတွေ၊ ဘက်ထရီတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

 

တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ မိုင်းရယ်မြို့အရှေ့တောင်ဘက် သတင်းရတဲ့နေရာကို သွားရောက်ရှင်းလင်းတဲ့ အခါမှာ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်သောင်း ကျန်းသူ ငါးဦးနဲ့ ပစ်ခတ်တာ ခံခဲ့ရပါ တယ်။ မိမိဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပါတယ်။ အဲဒီမှာတော့ တရုတ်နိုင်ငံသား ကျား ခုနစ်ဦး၊ မ တစ်ဦး၊ မြန်မာနိုင်ငံသား ကျား ရှစ်ဦး၊ မ လေးဦးတို့ကို လက်နက် ခြောက်လက် နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ၎င်း နယ်မြေကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အသေးစိတ်စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ ပါတယ်။ ဆောင်ရွက်ခဲ့တဲ့နေရာမှာ မိုင်းကောင်ရဲ့ အနောက်တောင်ဘက် နေရာ နှစ်နေရာကနေ ထွက်ပြေးတိမ်းရှေငေ် နေတဲ့ တရုတ်နိုင်ငံသား ကျား သုံးဦး၊ မ တစ်ဦး ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် မိုင်းကောင်ရဲ့ အနောက် တောင်ဘက်ကို ထပ်မံရှာဖွေတဲ့နေရာမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗီယက်နမ်နိုင်ငံသား မ ၁၈ ဦး၊ မြန်မာနိုင်ငံသား ကျား နှစ်ဦး၊ မ ၂၅ ဦးနဲ့ စုစုပေါင်း ၄၅ ဦးတို့ကို ကွန်ပျူတာ ၇၂ လုံး၊ စတားလင့် အင်တာနက်စက် ငါးလုံး၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ငါးလုံး၊ မော်တော်ယာဉ် နှစ်စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီ Online လောင်းကစားမှု၊ ငွေကြေးလိမ်လည်မှုတွေနဲ့ပတ်သက်ပြီး နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တရားမဝင် Online လောင်းကစားမှုတွေကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေတွေနဲ့ စပ်လျဉ်းပြီးလည်း မြန်မာနိုင်ငံအစိုးရအနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါ တယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အစိုးရအဖွဲ့အစည်းအဝေးမှာ ညွှန်ကြားခဲ့သလို မြန်မာနိုင်ငံအစိုးရအနေနဲ့ Online လိမ်လည်မှု၊ လောင်းကစားမှုတွေဟာ မိမိတို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသာမကဘဲနဲ့ လူသားအားလုံးအပေါ်မှာ လိမ်လည်ပြစ်မှုကျူးလွန်ခြင်း၊ အခြားဆက်စပ်ပြစ်မှုကျူးလွန်ခြင်းတွေဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြတ်ပြတ်သားသား ချေမှုန်းသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 

နောက်တစ်ခုက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း မှာ ပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်လှုံ့ဆော်သူတွေအနေနဲ့ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ကြောက်လန့်အောင် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Website ၊ webportal ၊ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ Website ၊ webportal နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Website ၊ webportal ၊ မြဝတီ webportal ၊ Myanmar National portal တို့မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စတွေနဲ့စပ်လျဉ်းပြီး စုံစမ်းမေးမြန်းတာတွေ၊ မသမာမှု တွေနဲ့ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းနဲ့ မမှန်မကန်သတင်းပို့ခြင်း၊ တိုင်ကြားခြင်းတွေပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထားတာကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထိုနေရာမှာလည်း Update ပြုလုပ်ပေးထားတဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီနေရာကနေ သတင်းပေးတိုင်ကြား ခဲ့လို့လည်း မသမာမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ အရေးယူခြင်းတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသားအသက် ဘယ်လောက်ဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမူတည်ပြီးတော့ အမျိုးသမီးတွေကို ခြိမ်းခြောက် နေတာမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အတိအလင်းပြောကြားလိုတာ ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုး သမီးတွေ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရန်အစီအစဉ်မရှိသေးကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။