နေပြည်တော် ဩဂုတ် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ပြင်ဆင်ချမှတ်ခဲ့သည့် အခြေအနေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်မှုကိစ္စရပ်များ၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (UNOCHA)၏ အကြီးအကဲဖြစ်သူ Under Secretary General Mr. Martin Griffiths ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေများနှင့်စပ်လျဉ်း၍ PowerPoint Presentation များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင် ကလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း ကလည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင်ကလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်းကလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။