နေပြည်တော် မတ် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် အဖြစ် လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း မတ် ၃ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ် ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့ သာမာရှဲဗာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
ထိုသို့ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကိုသွားမှာ နံပါတ်တစ်ချက်ပေါ့။ ကျွန်တော်တို့က လွတ်လပ်ရေးရပြီးတာ ၇၇ နှစ်တာကြာခဲ့ပြီ။ ကျွန်တော်တို့မှာ ပဋိပက္ခပေါင်းများစွာနဲ့ ကြုံတွေ့ ခဲ့ရတယ်။ တကယ်တော့ ကျွန်တော်တို့မှာရှိတဲ့ လူသားအပါအဝင် သယံဇာတအရင်းအမြစ်တွေ များစွာရှိတယ်။ ဒါတွေကို အသုံးချမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းပြည်က မုချ တိုးတက်တဲ့တိုင်းပြည် တစ်ခုဖြစ်ရမယ်။ ဒီအတွက် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှု အလားအလာကိုရှာတဲ့အခါမှာ ရုရှားနိုင်ငံဟာ ကျွန်တော်တို့အတွက် ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်တော်တို့မြင်တာပေါ့။ ရုရှားနိုင်ငံတင်မကပါဘူး။ နိုင်ငံတွေများစွာရှိပါတယ်။ သို့သော်လည်းပဲ အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့်နိုင်ငံက ရုရှား နိုင်ငံဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့်ရုရှားနိုင်ငံကို ကျွန်တော်သွားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးအရ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြည်သူတွေတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစနစ်ကိုသွားဖို့အတွက် ကျွန်တော်တို့က ဆုံးဖြတ် ပြီးသားဖြစ်တယ်။ ဒါကိုကျွန်တော်တို့က အကောင်အထည်ဖော်နိုင်ဖို့အတွက် တစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာပေါ့။ တစ်ဖက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို ရအောင်လည်း ကျွန်တော်တို့ လုပ်ရမှာပေါ့။ ဒါကြောင့် ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရုရှားဘက်ကကူညီမယ်လို့ သူပဲပြောတယ်။ သို့ပေမယ့်လည်း ဘယ်လာရုစ် သမ္မတကြီး H.E .Mr. Alexander Gregoryevich Lukashenko ကလည်း ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အစစအရာရာ ပူးပေါင်းဆောင်ရွက်ပေးမယ် ကူညီပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့အတွက် ခွန်အားတွေဖြစ်သလို တိုင်းပြည်အတွက်လည်း အားတစ်ခု ကျွန်တော်တို့ရမှာပါ။ ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားအရကြည့်မယ်ဆိုလို့ရှိရင် တကယ့်ဆုံချက်မှာရှိတယ်။ အရှေ့တောင်အာရှနိုင်ငံ၊ အာဆီယံနိုင်ငံမှာ အနောက်ဘက် အကျဆုံးနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့အနောက်ဘက်မှာ လူဦးရေ သန်းပေါင်း ၁ ဒသမ ၄ ဘီလီယံကျော်လောက်ရှိတဲ့ အိန္ဒိယနိုင်ငံရှိတယ်။ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ လူဦးရေသန်းပေါင်း ၁၄၀၀ လောက်ရှိတဲ့ တရုတ်နိုင်ငံရှိတယ်။ ဒီသုံးမျိုးပေါင်းလိုက်လို့ ရှိရင် ၄ ဘီလီယံနီးပါးလောက် လူဦးရေရှိတယ်။ အဲဒီတော့ သွားမယ့် နေရာဆုံချက်ကိုကြည့်မယ်ဆိုရင် တောင်ဘက်ကိုသွားရင် အိန္ဒိယသမုဒ္ဒရာ ရောက်သွားမယ်။ မြောက်ဘက်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံကို ဖြတ်ပြီး ရုရှားနိုင်ငံကို ရောက်သွားမယ်။ အနောက်ဘက်ကိုသွားမယ် ဆိုရင် အိန္ဒိယနိုင်ငံကို ရောက်သွားမယ်။ အရှေ့တောင်ဘက်ကိုသွားမယ်ဆိုရင် အာဆီယံနိုင်ငံတွေ အကုန် ရောက်သွားမယ်။ မြန်မာနိုင်ငံကလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။ ကျွန်တော်တို့ နိုင်ငံက အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့ သွားမှာပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့် ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တကယ်ကိုလက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။ EAO တွေကိုလည်း ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲ ပြောဖို့ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်း ဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ ဖြစ်သင့် တာ၊ ဖြစ်နိုင်တာကိုပဲ ကျွန်တော်တို့သွားတာကောင်းတယ်။ ကျွန်တော်တို့ပြောတယ်။ ကျွန်တော်တို့ တစ်အချက် ဒီမိုကရေစီအခွင့်အရေးပေး တယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာ ကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲ ကိုယ်ရတယ်။ တစ်ဖက်သတ်အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။ ကျွန်တော်တို့ အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသား နယ်မြေတွေ အားလုံးကို ဦးစားပေးပြီး ကျွန်တော်ဆောင်ရွက်ပေးမယ်။ အခုထိ ကျွန်တော် တတ်နိုင်သမျှ လုပ်ပေးပါတယ်။ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကုန်ထုတ် လုပ်ငန်းတွေကို မလွတ်ဘူး။ အနာဂတ်အတွက် သိပ္ပံနဲ့နည်းပညာကို ကျွန်တော်မလွတ်ဘူး။ သူတို့က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းမှာ အခြေခံတဲ့ စက်မှုလုပ်ငန်းတွေက အများကြီး ကောင်းတယ်။ သိပ္ပံနည်းပညာမှာလည်း အများကြီး ကောင်းတယ်။ သူတို့ကအနိမ့်တစ်ခုနဲ့ အမြင့်တစ်ခု အားလုံးကို အတူတူပေါင်းစပ်ပေးနိုင်တဲ့အနေအထားရှိတယ်။ အဲဒါက ကျွန်တော်တို့အတွက် လိုအပ်ချက်ပဲ။ ဒါကြောင့် ကျွန်တော်ပြောရဲပါတယ်။ ပူးပေါင်း ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီဟာကကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးအမြတ်မုချရှိမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။