နေပြည်တော် ဇန်နဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သန်လျင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များ ဦးစွာရှင်းလင်းပြောကြား
ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် အုပ်ချုပ်ပုံနည်းစနစ်များ ပြောင်းလဲခဲ့မှုနှင့် ပြည်သူတစ်ရပ်လုံးက လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး တပ်မတော်မှ ဖော်ဆောင်ပေးခဲ့မှု၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုနှင့် အဆိုပါ မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့်အပြင် နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုဖြစ်စဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့မှုတို့ကို ဦးစွာရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မည်သည့်တပ်ဖွဲ့၊ မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ စစ်ရေးသတိ၊ စစ်ရေးအသိ၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့နယ်ပယ်၌ အကျိုးရှိထိရောက်အောင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း။
ထိုကဲ့သို့ သင်ကြားပေးထားသည့် အတတ်ပညာများကို လက်တွေ့အသုံးချနိုင်ရန်အတွက် အမြဲမပြတ် လေ့ကျင့်နေရမည်ဖြစ်ပြီး အသက်အရွယ်နှင့်ညီမျှသည့် ကျန်းမာကြံ့ခိုင်မှုများနှင့် သန်စွမ်းမှုများ ရှိနေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်လာပါက မိမိတို့၏တာဝန်များကို ရဲရဲဝံ့ဝံ့ဖြင့် ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး လုပ်ရဲကိုင်ရဲသည့် စိတ်များနှင့် လုပ်ချင်ကိုင်ချင်စိတ်များရှိရန် လိုကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်း ကိုင်တွယ်အသုံးပြုရသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း။
တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားရန်လို
တပ်မတော်သားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လိုသည့် စိတ်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူများဖြစ်သဖြင့် မိမိတို့၏ စစ်သားဘဝကို ခုံမင်မြတ်နိုးတန်ဖိုးထားရန်လိုကြောင်း၊ နိုင်ငံနှင့် ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ဘဝကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၎င်းအနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြသဖြင့် အများသူငါ လုပ်ဆောင်နိုင်ရန်ခက်ခဲလှသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်နှင့် မိမိကိုယ်ကို ဂုဏ်ယူတတ်ရန်လိုကြောင်း။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ကြံ့ခိုင်သန်စွမ်းမှုရှိစေရေး လေ့ကျင့်နေရမည်ဖြစ်ပြီး မိမိတို့တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့် တာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းသည် လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လုပ်ဆောင်ရမည့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို တစ်ဦးချင်းစီအလိုက်၊ အဖွဲ့အလိုက် မှန်မှန်ကန်ကန် လုပ်ဆောင်စေရေးအတွက်လည်း ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ လေ့ကျင့်ရေးနှင့်ပတ်သက်၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် မူဝါဒနှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများနှင့် မျက်ခြည်မပြတ်စေရေး အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူတတ်မြောက်ပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် စစ်အတတ်ပညာများကို ပိုမိုကျွမ်းကျင်ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို အမြဲလိုက်နာ ကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းရပ်ကို တာဝန်ထမ်းဆောင်သည်ဖြစ်စေ လေ့လာမှုမရှိပါက သူတစ်ပါး၏နောက်တွင် ကျန်နေခဲ့မည်ဖြစ်သဖြင့် မိမိကိုယ်ကိုနှင့် မိမိအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုရှိစေရေး အမြဲမပြတ်လေ့လာအားထုတ်သွားကြရန် မှာကြားလိုကြောင်း၊ လေ့ကျင့်ရေးပိုင်းနှင့် ပတ်သက်လာပါက “ချွေးထွက်များမှ သွေးထွက်နည်းမည်” ဖြစ်သဖြင့် စစ်သားကောင်းတစ်ယောက်ပီသအောင် နေထိုင်ကျင့်ကြံလေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ကိုနှင့် မိမိအဖွဲ့အစည်းကို အရည်အသွေးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ညီညွတ်မျှတသည့်အုပ်ချုပ်ကွပ်ကဲမှု ပုံစံရှိရမည်ဖြစ်ပြီး လူတို့၏သဘောသဘာဝကိုသိရှိခြင်းဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဦးဆောင်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ ကျောရိုးသည် စည်းကမ်းဖြစ်ပြီး စည်းကမ်းဆိုသည်မှာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းနှင့်မဖြစ်သင့်၊ မဖြစ်ထိုက်သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်ကြောင်း၊ စစ်သည်တိုင်း တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်ပြီး အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာသည်လည်း ကောင်းမွန်ခိုင်မြဲလာမည် ဖြစ်သဖြင့် အုပ်ချုပ်မှုညီညွတ်မျှတကောင်းမွန်ရေးကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း။
သက်သာချောင်ချိရေးဖော်ဆောင်
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိရေးသည် ဆက်စပ်လျက်ရှိပြီး အုပ်ချုပ်မှုအားကောင်းခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိမှုများ အားကောင်းပါက စိတ်ဓာတ်သည်လည်း အလိုလိုကောင်းလာမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်အဆင့် အတန်းအားလုံးကို အဆင့်အလိုက်လျော်ညီသည့် ရပိုင်ခွင့်များ၊ ခံစားခွင့်များ ပေးထားပြီးဖြစ်ကြောင်း၊ ရသင့်ရထိုက်သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးနိုင်ရမည် ဖြစ်သကဲ့သို့ ၎င်းတို့ကို ကိုယ်ရေးကိုယ်တာအခက်အခဲ၊ အကျပ်အတည်းများကိုလည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့်လည်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ရရှိသည့်ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင်သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့်ထွက်ငွေ မျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိ ဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခင်ကတည်းကပင် အားပေးဆောင်ရွက်ခဲ့ပြီး အမြတ်ကိုအဓိကမဟုတ်ဘဲ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်ရေး အားပေးဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့တစ်မိသားစုချင်းနှင့် မိမိတို့တပ်ဖွဲ့၏ သက်သာချောင်ချိမှုကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့တပ်ဖွဲ့တွင်းရောင်းချပြီး ပိုလျှံသည်များကို ပြင်ပမှဝန်ထမ်းများ၊ ဒေသခံများသို့ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခြင်းဖြင့်လည်း ဒေသ၏သက်သာချောင်ချိမှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း။
တပ်တည်ဆောက်ရေး လုပ်ငန်းရပ်များဖြစ်သည့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးနှင့် စိတ်ဓာတ်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး ကောင်းမွန်သည့်စိတ်ဓာတ်မွေးမြူရန်သည် စစ်သည်တစ်ဦးတစ်ယောက်ချင်းစီတွင် တာဝန်ရှိကြောင်း၊ ကွပ်ကဲကြပ်မတ်ရန် တာဝန်ရှိသူများ အနေဖြင့်လည်း လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးတို့ကို မှန်မှန်ကန်ကန်ဆောင်ရွက်ပေးခြင်းဖြင့် စစ်သည်များ စိတ်ဓာတ်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများ၊ အခါအားလျော်စွာကျင်းပသည့် ပျော်ပွဲရွှင်ပွဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးခြင်းများဖြင့် စိတ်ဓာတ်ကောင်းမွန်မှုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း။
စာပေဖတ်မှတ်လေ့လာခြင်း အမြဲမပြတ်ဆောင်ရွက်
တစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်စေရေးအတွက် စာပေဖတ်မှတ်လေ့လာသွားရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သဖြင့် မိမိကိုယ်ကိုအကျိုးဖြစ်စေနိုင်မည့် စာပေဗဟုသုတလေ့လာခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ စာပေဖတ်ရှုခြင်း၊ အကြောင်းအရာများကို မှတ်သားခြင်း၊ လက်တွေ့ကြုံတွေ့လာရသည့် အခြေအနေတွင် ၎င်းအကြောင်းအရာကို အကျိုးရှိရှိ အသုံးချခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့သိရှိထားသည့် အကြောင်းအရာများကို အခြားသူများကို မျှဝေပေးခြင်းသည်လည်း ကောင်းမွန်သည့် အမူအကျင့်ကောင်း တစ်ခုပင်ဖြစ်ကြောင်း၊ “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဖြစ်သကဲ့သို့ စာမတတ်လျှင် တစ်သက်လုံး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်မည်ဖြစ်ပြီး ဘဝတိုးတက်ရေးအတွက် အခက်အခဲများ ကြုံတွေ့ရနိုင်မည်ဖြစ်သဖြင့် စာပေဖတ်မှတ်လေ့လာခြင်းကို အမြဲမပြတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်