စစ်တွေ ဧပြီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်ဖျော်ရေး မဏ္ဍပ်ဖွင့်ပွဲနှင့် ဌာနဆိုင်ရာမဏ္ဍပ်များ၊ စစ်တွေတပ်နယ် လေးဝတီရေကစားမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မိဇံရပ်ကွက်၊ ကမ်းနားလမ်း၌ ကျင်းပသော (၈) ကြိမ်မြောက်၊ စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်အား ရခိုင်မင်္ဂလာ စည်တော်ယွမ်းကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ဦးကိုလေးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရခိုင်မင်္ဂလာစည်တော်ဝိုင်းမှ ဦးလှဝင်းက မျိုးဟန်ထင်ရှား ရခိုင်သား ဧကပိုဒ်ရတုဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပွဲတော်ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီသို့ ထောက်ပံ့ငွေ ကျပ်သိန်း (၂၅၀) အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်ချီးမြှင့်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီနှင့် ယိမ်းအကအဖွဲ့များသို့ ထောက်ပံ့ငွေနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများသည် ပန်းမြတ်သဇင်ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်မှ မဏ္ဍပ်ရှင်မများနှင့်အတူ ရခိုင်ရိုးရာ အစဉ်အလာမပျက် လောင်းလှေများဖြင့် ရေပက်ကစားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်ပြီး မဟာသင်္ကြန်မဏ္ဍပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အတာရေများဖြင့် ပက်ဖြန်းကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတို့က ကပြဖျော်ဖြေကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စစ်တွေမြို့ပေါ်ရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာရေကစားနေမှု၊ မော်တော်ယာဉ်များဖြင့်ရေပက်ခံထွက် နေမှု၊ အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုအားပေးကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် စစ်တွေတပ်နယ်ရှိ လေးဝတီရေကစားမဏ္ဍပ်သို့ သွားရောက်ကြပြီး ယိမ်းအကအဖွဲ့များ ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြကာ ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ယိမ်းအဖွဲ့များနှင့်အတူ အတာရေပက်ဖြန်းကစားကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ရေကစားမဏ္ဍပ်၊ ဦးဥတ္တမပန်းခြံရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်များသို့ သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များ၏ ကပြသီဆိုဖျော်ဖြေမှုများကို သွားရောက်ကြည့်ရှုအားပေးကြကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
စစ်တွေမြို့ရှိ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ် ရေကစားမဏ္ဍပ်နှင့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်များတွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထက်လင်း၊ ဘုန်းလျှံနှင့် ရခိုင်အဆိုတော်များ၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များမှ ကပြသီဆိုဖျော်ဖြေလျက်ရှိရာ သင်္ကြန်အကျနေ့တွင် ရေကစားသူများ၊ ကားများဖြင့် ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)