မြစ်ကြီးနား၊ အောက်တိုဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်နယ်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့ (၁၆) ခုမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိမိတို့နိုင်ငံနှင့် မိမိတို့ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆွေးနွေး အဖြေရှာ ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဘာသာတရား၏ အဆုံးအမအောက်တွင် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး ဆုတောင်းဆက်ကပ်အပ်နှံ ပေးကြရေးနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် အားလုံးက ပွင့်လင်းရင်းနှီးစွာ တင်ပြ ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်လာကြသည့် ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက သာသနာပြုလုပ်ငန်းများတွင် လိုအပ်ချက်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ သိက္ခာတော်ရဆရာတော်နှင့် ကက်သလစ်အသင်းတော်ဖာသာတို့က ဆုတောင်းဆက်ကပ် ပေးကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၄) ခုမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲကို ဖိတ်ခေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များအနေဖြင့် မိမိတို့ ပြည်နယ်/ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးအတွက် ပါဝင်သင့်သည့်နေရာမှ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် တိုင်းရင်းသားခေါင်းဆောင်များက စာပေယဉ်ကျေးမှုနှင့် အမွေအနှစ်များ ထိန်းသိမ်းရာတွင် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်စွက်သုံးသပ်ရှင်းလင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ဂရုဏာလက် လူငယ်ပြုစု ပျိုးထောင်ရေးစခန်းသို့ သွားရောက်ပြီး စခန်းအတွက် ဆန်အိတ် (၅၀)၊ ဆီ(၁၀)ပိဿာပုံး (၁၀)ပုံးနှင့် ငွေကျပ် သိန်း (၅၀)ကို ကျောင်းတာဝန်ခံထံ ထောက်ပံ့ပေးအပ်သည်။
သတင်းစဉ်


