မြစ်ကြီးနား      ဇန်နဝါရီ ၁၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း မဂျွယ်ခန်းမ၌ မြန်မာနိုင်ငံကချင် လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက ကြီးမှူး ကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူး ကျေးဇူးတော် ချီးမွမ်းပွဲသို့ တက်ရောက်သည်။

 

အဆိုပါ ကျေးဇူးတော်ချီးမွမ်းပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ခဲ့ကြရာ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကျေးဇူးတော်ချီးမွမ်းပွဲတွင် ကက်သလစ် အသင်းတော်မှ ဆရာတော်များ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်များ သိက္ခာတော်ရဆရာများက အဖွင့်ကျမ်းစာဖတ်၍ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်း တို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က  မိမိတို့အနေဖြင့် ယခု ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကျန်းမာပျှော်ရွှင်စွာ၊ ချစ်ခြင်းမေတ္တာနှင့်အတူ ငြိမ်းချမ်းစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ မိမိတို့ ပြည်နယ်၊ မိမိတို့နိုင်ငံ တိုးတက်စေရေး တိုင်းရင်းသားအားလုံးက ချစ်ခင်ရင်းနှီးစွာ အတူတကွလက်တွဲ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့အတူ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်မှ ဆရာတော်များအနေဖြင့်လည်း ၂၀၂၄ ခုနှစ် နှစ်သစ်ကို ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ရေး ဆုတောင်းမေတ္တာဖြင့် ဝိုင်းဝန်းကူညီ ပေးကြစေ လိုကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး စည်းလုံး ညီညွတ်မှုဖြင့် အတူတကွ ပူးပေါင်းပါဝင်ကြရေး တိုက်တွန်းမှာကြားပြီး သိက္ခာတော်ရ ဆရာတော်က ဓမ္မဒေသနာတော်ဟောကြားခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုဆက်ကပ်ခြင်းနှင့် ဆုတောင်းမေတ္တာ ပို့ကောင်းချီးပေးဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တူ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်အတွင်းရှိ Grace Happy Land မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးကျောင်းသို့ သွားရောက် ၍ကျောင်းအုပ်နှင့် ကလေး ငယ်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံပြီး ၂၀၂၄ ခုနှစ် နှစ်သစ်တွင် ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင် ကြပါစေကြောင်း၊ ကလေးများအနေဖြင့် ပညာတတ်များ ဖြစ်အောင် သင်ကြားပြီး မိမိတို့နိုင်ငံ၊ မိမိတို့ ပြည်နယ်၊ မိမိတို့ရပ်/ရွာအကျိုးပြုသော လူတော်၊ လူကောင်းများဖြစ်လာစေရန် ကြိုးစားကြရန်လိုကြောင်း အားပေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးတို့က ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ကျောင်းသားကလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကလေးများကို မုန့်များ ဝေငုကျွေးမွေးကြသည်။

 

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ အေးမြသာယာ ရပ်ကွက်အတွင်း မျက်မမြင်သင်တန်းကျောင်းသို့လည်း သွားရောက်ပြီး နှုတ်ဆက်အားပေး စကား ပြောကြားကာ မျက်မမြင်ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)