ပူတာအို၊ စက်တင်ဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်းရှိ နမ့်ထွမ်ချောင်းရေမှ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင် ရေး ကွင်းဆင်း ကြည့်ရှုကြသည်။
ထို့နောက် ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်းရှိ တောင်တန်းသာသနာပြုကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဟိုခိုကျောင်းဆရာတော် အမှူးပြုသော ဆရာတော်/ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ နိုငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်က ဟိုခိုကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆရာတော်/ သံဃာတော် များအတွက် ဆွမ်းဆန်တော် (၇)အိတ်၊ ဆီ (၄) ပုံး၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုပရဟိတ အသင်း/အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ရေးဆွဲချမှတ်ပြီး အဓိကနိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မိမိတို့တစ်ဦး ချင်းစီက စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင်လည်း အားလုံးက ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိ ရပ်ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များအတွက် အမှတ်တရလက်ဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် လူမှုပရဟိတအသင်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုးတက်လာသည့် မြို့ပြများနှင့် တန်းတူညီမျှသည့် ဖွံ့ဖြိုးတိုးတက်သော တောင်ပေါ်ဒေသများ ဖြစ်စေရေး ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုအပေါ် စနစ်တကျ စီမံခန့်ခွဲသွားရေးနှင့် လိုအပ်သည်များအပေါ် ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ အသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြား၍ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ (၁၃) ခုတို့အတွက် ဆန်အိတ် (၁၃) အိတ်၊ (၁၀)ပိဿာဝင် ဆီ (၆)ပုံးနှင့် ငွေကျပ် ၁၃ သိန်းတို့ကို ပေးအပ်လှူဒါန်းကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ခရိုင်ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် ပူတာအိုခရိုင်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရန်ရည်ရွယ်ကျင်းပပြုလုပ်သည့် ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဗိုလ်လုပွဲစဉ်အဖြစ် အာဂါပေအသင်းနှင့် ယူနီတီအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ အာဂါပေအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဘောလုံးအသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပထမဆုရဆု ဘောလုံးအသင်းအတွက် တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့ နံနက်ပိုင်းတွင် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း (နမ့်တာလဲ)ကိုလည်းကောင်း၊ ဒုတ္တန်ရပ်ကွက်အတွင်းရှိ ရဝမ်မနော ဥယျာဉ်အတွင်း ရဝမ်အမျိုးသားပြတိုက်ကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွက် ထောက်ပံ့ငွေများကို ပေးအပ် ကြသည်။
ထိုမှတစ်ဆင့် အဆိုပါ ဒုတ္တန်ရပ်ကွက်အတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ပူတာအို) သို့ သွားရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးကကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအား Biometric (ဇီဝဆိုင်ရာ) အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံအတွက် အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် အလေးထားလုပ်ဆောင် ကြရေးနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ဒေသခံများအတွက် အခြေခံလျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ သင်ကြားနေမှုနှင့် ကျောင်းသားများအား ဘာသာရပ်အလိုက် ပညာသင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်အတွင်းရှိ မတ်ပန်ကွင်း၌ အထွက်တိုး ဆင်းဧကရီ -၃ မိုးစပါး စိုက်ကွင်းအတွင်း မြေသြဇာကြဲပက်ပွဲနှင့် သဘာဝမြေသြဇာ သရုပ်ပြပြုလုပ်အသုံးပြုနည်းများ တောင်သူအသိပညာပေး အခမ်းအနားသို့ တက်ရောက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီမှူးနှင့် ဝန်ထမ်းများ၏ သရုပ်ပြရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


