စစ်တွေ စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် မောင်တောမြို့သို့ ရောက်ရှိပြီး မောင်တောမြို့သာသနာ့ဗိမာန်၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်း ချက်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်နိုင် ရေးပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများ အားလုံးအသိပညာ အတတ်ပညာများရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ မွေးထုတ်နိုင်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ တိုးတက်လာစေရေး အလေးထား ဆောင်ရွက် လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မောင်တောမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းရေးတို့အတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့်အဖွဲ့သည် မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော မြို့သူကြီးတပိုင်တနိုင် ရေချိုငါးသားဖောက်စခန်းသို့ သွားရောက်၍ ရေချိုငါးများ သားဖောက် ဆောင်ရွက်နေမှုနှင့် ကျေးလက်တပိုင်တနိုင် သရုပ်ပြကန်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မောင်တောမြို့ ဇူလကျေးရွာ၌ ပေါင်းရှင်းတမန်းနှိုးခြင်း၊ ယူးရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာရောစပ် ကြဲပက်ခြင်းကွင်း သရုပ်ပြပွဲကိုလည်းကောင်း၊ မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာအနီး၌ မွေးမြူရေးလုပ်ငန်းရှင် ဦးမောင်သိန်းကျော်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ရေချိုငါးမွေးမြူရေးကန်များကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က အမှာစကားပြောကြား၍ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက ဘူးသီး တောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များ အပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် နန်းရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးမာဘူရော်မာန်၏ အသားတိုးကြက်မွေးမြူရေးခြံကိုလည်းကောင်း၊ လက်ဝဲဒက်ပြင် ရှည်ကျေးရွာ၌ မိုးစပါး ပေါင်ပျိုးထောင်စိုက်စနစ် စံပြကွက်ဧက (၂၀) တွင် ပေါင်းရှင်းတမန်းနှိုးခြင်း၊ ယူးရီးယား ဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ်သို့ သွားရောက်ပြီး ခနောင်းကြီး ကျေးရွာ၌ မိုခါမုန်တိုင်းသင့်တောင်သူများအား နိုင်ငံတော်မှထောက်ပံ့သော မျိုးစပါး GW-11 (၁၀)ဧက စိုက်ပျိုးအောင်မြင်နေမှုနှင့် စိုက်ကွင်းအတွင်း ယူးရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝ မြေဩဇာရောစပ် ကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ရသေ့တောင်မြို့၊ စေတီတောင်ဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး မိုခါမုန်တိုင်း တိုက်ခတ်မှု ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတောင်ဘုရား စောင်းတန်း၊ အမိုးအကာများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ ဘုရားကြီးဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
(သတင်းစဉ်)