စစ်တွေ စက်တင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သံတွဲမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး အားကောင်း သည့် မြို့နယ်ဖြစ်သည့်အပြင် ကမ္ဘာတွင် ထင်ရှားကျော်ကြားသော ငပလီကမ်းခြေရှိခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရှိသည့် အတွက် စီးပွားရေးအလားအလာကောင်းသော မြို့နယ်တစ်မြို့နယ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းမှသည် နည်းစနစ်မှန်စွာဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် အလားအလာကောင်းများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို နည်းစနစ်တကျဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုး နိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် ၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရှိ TMP အအေးခန်း စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးကြရာ လုပ်ငန်းရှင် ဦးတင်မောင်ဌေး က ကဏန်းပျော့များ၊ ငါး၊ ပုစွန်များ၊ ရေရူး၊ ကဏန်းများ မွေးမြူ ထုတ်လုပ်နေမှု၊ ကဏန်းပျော့များကို အအေးခန်းစက်ရုံတွင် ကုန်ချောများပြုလုပ်ကာ ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနေမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။ တင်ပြချက်များအပေါ် လိုအပ်သည်များကိုမှာကြားပြီး အအေးခန်းစက်ရုံအတွင်း ကဏန်းပျော့များ၊ ငါး၊ ပုစွန်များကို ကုန်ချောများ ပြုလုပ်နေမှုနှင့် ပြည်ပနိုင်ငံများ သို့ တင်ပို့ရန် ထုပ်ပိုးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ ဆက်လက်၍ ဂေါ့ရပ်ကွက်ရှိ မြပတ္တမြားဥယျာဉ် (ပေါင်ဝန်တံတား)သို့ သွားရောက်လေ့လာခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်