နေပြည်တော် ဇန်နဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော် တက်ရောက်ရန်အတွက် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် လဟယ်မြို့သို့ ရောက်ရှိစဉ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ကျင်းပပြုလုပ် သော ၂၀၂၅ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ခဲ့ရာ အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများ အားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးပေါ်တစ်ဦး တန်ဖိုးထားကာ လေးစားမှုဖြင့် ရှေးပဝေသဏီကတည်းက အတူတကွ နေထိုင်ခဲ့ကြကြောင်း၊ မွေးဖွားရာဇာတိ နေထိုင်ရာ အရပ်ဒေသ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ မရှိအတူ ရှိအတူ စည်းလုံးညီညွတ်စွာဖြင့် ဆွေမျိုးသားချင်းပမာ လက်တွဲနေထိုင်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် နာဂတိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါကြောင်း၊ နာဂတိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စုရိုးရာ ဓလေ့ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်းအက ပဒေသာများ မပျောက်ပျက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လာသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း။

အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့

နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း ၈၂ ခု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ၁၅၈ ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

ဆူပူသောင်းကျန်းမှုမရှိသည့် အေးချမ်းသည့် ဒေသများမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ အစဉ်တိုးတက်နေမည် ဖြစ်ပါကြောင်း၊ နာဂဒေသသည်လည်း အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်ပြီး နာဂလူမျိုးများ၊ ဒေသတွင်းနေ အခြားတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်နေအောင် ဆောင်ရွက်ရန် ဒေသတွင်းနေတိုင်းရင်းသား ပြည်သူအားလုံးမှာ တာဝန်ရှိပြီး အလုပ်ကို ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် နာဂဒေသ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုများရှိခဲ့သည်ကို ဒေသတွင်းနေ တိုင်းရင်းသားပြည်သူများ သိရှိပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပြည်သူများ အားလုံးကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း၊ တောင်ပေါ်ဒေသတစ်ခုဖြစ်သည့် နာဂဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဒေသခံ တိုင်းရင်းသားညီအစ်ကို မောင်နှမများက တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည် ဖြစ်သကဲ့သို့ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

လက်ဆောင်ပေးအပ်

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အမှာစကားပြောကြားပြီး နာဂတိုင်းရင်းသားတစ်ဦးမှ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား ဖတ်ကြားရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုက နှစ်သစ်ကူးအမှတ်တရလက်ဆောင် ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးပစ္စည်းများအား ပေးအပ်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ လက်ခံရယူသည်။

ယင်းနောက် သဘာပတိက နိဂုံးချုပ်စကား ပြောကြားကာ နာဂနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရိုးရာယဉ်ကျေးမှုပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လဟယ်မြို့ရှိ ဟွေထိုက်ရေအား လျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ၎င်းနောက် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ တာဝန်ရှိသူများနှင့် အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

ပေါင်းစပ်ညှိနှိုင်းပေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဟယ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ မိုးဒန်းအပန်းဖြေအလှကန် တည်ဆောက်ပြီးမှုအခြေအနေ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းပေးသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲသို့ တက်ရောက်ပြီး ဒေသခံတိုင်းရင်းသားများနှင့် အတူတကွ ပါဝင်ဆင်နွှဲသည်။ ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် လဟယ်မြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲကို မီးထွန်းညှိဖွင့်လှစ်ပေးခဲ့ကြပြီး နာဂရိုးရာမျိုးနွယ်စုများအလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြကာ နာဂမျိုးနွယ်စုရိုးရာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

ပါဝင်ဆင်နွှဲ

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ နာဂရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်၍ ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရန်၊ နာဂတိုင်းရင်းသား လူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုရရှိလာနိုင်စေရန်၊ နာဂဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နာဂ တိုင်းရင်းသားများ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် နာဂမျိုးနွယ်စုအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို အခြေခံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖော်ဆောင်ကာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ နာဂရိုးရာနှစ်သစ်ကူး ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များလည်း စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှုလေ့လာကြပြီး မီးပုံပွဲများတွင်လည်း ပျော်ရွှင်စွာဖြင့် အတူတကွ ပါဝင်ဆင်နွှဲလေ့ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်