နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်နှင့်ဆီများ ပေးအပ်လှူဒါန်း၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်သို့သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆွမ်းဆန်တော်၊ ဆီနှင့်အလှူငွေများ လှူဒါန်းကြသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်မေတ္တာဒေသနာတော်များကိုနာယူကြပြီး ဆရာတော်အရှင်သူမြတ်များထံ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်းတို့အတွက် ဆန်အိတ် (၅၀) ၊ ဆီ ၁၀ ပုံးနှင့် အလှူငွေများအား လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်တော်မူသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး စေတီတော်ကြီးကို ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြကာ စေတီတော်ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ရာ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့ခေါင်းဆောင်များက ရိုးရာမဂွန်းလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာများကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသကဲ့သို့ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျင်းပသည့်ပွဲတော်များ၊ ပြည်နယ်နေ့အခမ်းအနားများ၊ နေ့ထူးနေ့မြတ်အခမ်းအနားများကို တိုင်းရင်းသားအားလုံး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းပါဝင်ပြီး စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် တိုင်းရင်းသားလူမျိုး အချင်းချင်းစည်းလုံးညီညွတ်ခြင်း၊ ချစ်ကြည်လေးစားခြင်းနှင့် ရိုင်းပင်ကူညီခြင်းတို့ တိုးတက်ဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို အထောက်အကူပြုစေရန်အတွက် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တိုးတက်ခိုင်မာစေမည် ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကိုလည်း အဖက်ဖက်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ၊ ထို့အပြင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း နိုင်ငံတော်နှင့်အတူ ပူးပေါင်းလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်ပါ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသားများအရေးအတွက် ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း၍ ဦးစီးဌာနများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ တည်ရှိမှုအခြေအနေများနှင့် စာပေယဉ်ကျေးမှု အသင်းအဖွဲ့များအလိုက်တင်ပြထားသည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ပြည်နယ်အတွင်းမှ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ် စု (၅)မျိုး၊ ဗမာ၊ ရခိုင်နှင့် ကရင်မျိုးနွယ်စုများ၏ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများစာပေနှင့် ယဉ်ကျေးမှုအသင်းတို့အတွက် အသင်းအဖွဲ့တစ်ခုလျှင် ငွေကျပ် (၁၀)သိန်းစီနှင့် သစ်သီးခြင်းလက်ဆောင်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇော်မိုးနော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များက စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများခန့်ထားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်