နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်းရေးမှူးစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အာဏာတည်အမိန့်သတ်မှတ်
အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းပြဋ္ဌာန်း ခဲ့သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်အမိန့်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထိုသို့ အာဏာတည်သည့်အမိန့်ကိုသတ်မှတ်ခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်း ဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေနှင့် ခရိုင်၊ မြို့နယ်အဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်ပြီး ဖွဲ့စည်းမှုပြီးပါက မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည် စစ်မှုထမ်းဆောင်ရမည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းအား ဆင့်ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့ ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင် လက်မှတ်ရရှိထားသူများအားဆင့်ခေါ်၍ ဆေးစစ်ဆေးခြင်းကို တပ်မတော်ဆေး စစ်ဆေးခြင်းဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်းခံရသူ၏ လျှောက်လွှာအပေါ် စိစစ်ချက်နှင့် တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သဘောထားမှတ်ချက်တို့ကို ခရိုင်အဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပြီး ၎င်းမှတစ်ဆင့်ဗဟိုအဖွဲ့သို့ ဆက်လက် တင်ပြရမည်ဖြစ်ပါကြောင်း။
ထုတ်နုတ်ရှင်းလင်း
ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း (၈)ခန်းနှင့် ပုဒ်မ (၃၃) ခုဖြင့် ပြဋ္ဌာန်းထား ပြီး၎င်းပြဋ္ဌာန်းချက်များမှ အရေးကြီးသောအချက်များကို ထုတ်နုတ်ရှင်းလင်းလိုပါ ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး အသက် (၂၇) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၄၅) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဥပဒေအရသတ်မှတ်ထား ပါကြောင်း။
စစ်မှုထမ်းရန်ကာလမှာ ၂၄ လ ဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူများမရှိသော မိအို၊ ဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ် ကျခံနေသူများကို ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင် မည်ဖြစ်ပါကြောင်း၊ ယာယီရွှေ့ဆိုင်းထား သူများအတွက် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ် ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်းဆောင်ရန်ကာလကို ပြည့်မီအောင် ပြန်လည်ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း။
ပြည်သူ့ စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများအပြင် အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်ပါကြောင်း၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်မလျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်မည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းမှုကိုလည်း အမြန်လျာထားတင်ပြရန် လိုအပ်ပါကြောင်း၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် နည်းဥပဒေ (မူကြမ်း) တို့ကိုလည်း ကြိုတင်လေ့လာနိုင်ရန် ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင်ဖြစ်စေ၊ သီးခြားဖြစ်စေ အကြံပြုချက်များ၊ ဖြည့်စွက်သင့် သည့်အချက်များကို တင်ပြပေးစေလိုပါ ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ကျင့်သုံးသည့် နိုင်ငံအချို့၏ ဖွဲ့စည်းဆောင်ရွက်မှုများကိုလည်း လေ့လာနိုင်ရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း။
တစ်ပြိုင်တည်းခေါ်ယူမည်မဟုတ်
လက်ရှိ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နိုင်သည့် လူဦးရေမှာ ၁၃ သန်းခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံး သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုမှ အများဆုံးပါဝင်နိုင်မည့်အရေ အတွက်မှာတစ်ဦး၊ နှစ်ဦးထက်ပိုနိုင်မည် မဟုတ်ကြောင်း၊ အကျုံးဝင်သူများအနက် နှစ်စဉ်တက်ရောက်ရမည့် အရေအတွက်မှာ ၁ ရာခိုင်နှုန်းအောက်ပင်ရှိပါကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် သတ်မှတ် Time Frame အတွင်း အချိန်မီပြီးစီးနိုင်ရန်အတွက်လိုအပ်သည့် လုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၊ အုပ်ချုပ်-ထောက်ပံ့မှု ဖြည့်တင်းရေးဆိုင်ရာလုပ်ငန်း အဖွဲ့၊ စစ်မှုထမ်းမည့်သူများအား စိစစ်ရေးလုပ်ငန်းအဖွဲ့၊ စာရင်းဇယားများ မှတ်ပုံတင်ရေးလုပ်ငန်းအဖွဲ့၊ သင်တန်းဖွင့်လှစ်နိုင်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ အလုပ်အကိုင် ပြန်လည်နေရာချထားရေးလုပ်ငန်းအဖွဲ့ စသည်ဖြင့် ဖွဲ့စည်းရန်ဖြစ်ပါကြောင်း။
ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ အနေဖြင့် စာရင်းဇယားများမှန်ကန်တိကျစွာဖြင့် စနစ်တကျဖြစ်စေရေးအတွက် စတင်ဆောင်ရွက်စဉ်ကပင် အလေးထားစီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ Implementation Plan ကို အကောင် အထည်ဖော်ရန်အတွက် ကွန်ပျူတာစနစ် တစ်ခုရေးဆွဲပြီး ရှိပြီးသားစနစ်များနှင့် ချိတ်ဆက်စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပိုမိုထိရောက်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊ မျှတသောစစ်မှုထမ်းစနစ် ထွက်ပေါ်လာမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်မှုတည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး / ပြည်နယ်အလိုက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သတင်းအမှန်ကို အမြန်သိစေနိုင်ရေးအတွက်လည်း Social Media အပါအဝင် နည်းလမ်းမျိုးစုံသုံး၍ အလေးထားဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အခြေခံအဆောက်အဦများဖြစ်သည့် လေ့ကျင့်ရေးကွင်းများ၊ သင်တန်းသားအိပ်ဆောင်များ၊ ရေ၊ မီး၊ မိလ္လာ၊ သယ်ယူပို့ဆောင်ရေး စသည့်ကိစ္စရပ်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် သတ်မှတ် Time Frame အတွင်းဝင်ရန် အစီအမံချမှတ်၍ ရေးဆွဲရန်လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အတွက်လည်း စနစ်တကျဖွဲ့စည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် သတင်းမှားဝေဖန်ပြောဆိုချက်များအား နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသတင်းမှန်များသိရှိနိုင်ရေး တုံ့ပြန်ဆောင်ရွက်ရမည့်အခြေအနေ၊ ပြည်သူ့စစ်မှုထမ်းခြင်း လုပ်ငန်းစဉ်များအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်ရမည့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်း များ စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ကာလအပိုင်းအခြားအလိုက် မှန်ကန်တိကျစွာဆောင်ရွက်နိုင်ရေး အဖွဲ့များအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်မှအဆင့်မြင့်အရာရှိကြီးများက ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူများ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၊ SOP ရေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ပြင်ဆင် ဖြည့်စွက်သင့်သည့် အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်း စဉ်များမှန်ကန်တိကျစွာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင် ရာကဏ္ဍများအလိုက် အကြံပြုရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များက နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များဖွဲ့စည်း၍ ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များ ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကTime Frame နှင့် Guide Line များကို ချထားပေးပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းအလိုက် အဆင့်ဆင့်ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ ဆောင် ရွက်ရန် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲရမည့် ကိစ္စရပ်များရှိလာနိုင်သည့်အတွက် ကြိုတင်တွက်ချက်ထားရန် လိုအပ်ပါကြောင်း၊ သတင်းထုတ်ပြန်မှုအပိုင်းများတွင်လည်း ပြည်သူလူထုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး တယ်လီဖုန်း အော်ပရေတာများမှတစ်ဆင့် မက်ဆေ့ချ်များ ပေးပို့ဆောင်ရွက်နိုင်ပါကြောင်း၊ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် မိမိတို့လက်ကိုင် ထားဆောင်ရွက်ရမည့်Guide Line ဖြစ်ပါ ကြောင်း၊ ပိုမိုအသေးစိတ်ဆောင်ရွက်ရမည့် နည်းဥပဒေကိုလည်း ဆက်လက် ထုတ်ပြန်နိုင်ရေးဗဟိုအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီးဌာနများ၊ တပ်မတော်နှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြပါရန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာပြည်သူ့စစ်မှုထမ်း ဥပဒေများကိုလည်းလေ့လာပြီး မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်