နေပြည်တော် သြဂုတ် ၇

အမျိုးသားမြေအသုံးချမှုကောင်စီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်း ခန်းမ၌ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားမြေအသုံးချမှုကောင်စီရှိ အထောက်အကူပြုလုပ်ငန်း ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားမြေ အသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  မြေအရင်းအမြစ်များသည် လူသားများအတွက် စားရေရိက္ခာ၊ သန့်ရှင်းသည့်ရေနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် အခြားဂေဟစနစ် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသည့် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်ဖြစ်သကဲ့သို့ တိုးပွားအောင် လုပ်၍မရသော အကန့်အသတ်ရှိသည့် အရင်းအမြစ်လည်း ဖြစ်သည့်အတွက် မြေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်၏ မြေအရင်းအမြစ်များကို စဉ်ဆက်မပြတ် စီမံခန့်ခွဲအသုံးချနိုင်ရန် မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ ညီညွတ်မျှတရေးနှင့် အမျိုးသားမြေဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် လိုအပ်သော လမ်းညွှန်မှုတစ်ခုဖြစ်သည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အများပြည်သူများ ပူးပေါင်း ပါဝင်ရေးဆွဲပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း။

အဆိုပါ အမျိုးသားမြေအသုံးချမှု မူဝါဒအပိုဒ်-၉၊ အပိုဒ်ခွဲ (က)တွင် လမ်းညွှန်ဖော်ပြ ထားသည့်အတိုင်း အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သောဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လက်ရှိမြေ စီမံခန့်ခွဲလျက်ရှိသော ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့အားလုံးမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများပါဝင်သည့် အမျိုးသားမြေအသုံးချမှု ကောင်စီကိုဖွဲ့စည်းခဲ့ပြီး မြေစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အဖွဲ့ဝင်များအကြား ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရန်အတွက် ယခုကဲ့သို့ အစည်းအဝေး များ ကျင်းပခဲ့သည်မှာ  ၆ ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအစိုးရက စီမံခန့်ခွဲလျက်ရှိသောမြေများအတွင်း တရားမဝင်ကျူးကျော်ခြင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ဥပဒေပြဋ္ဌာန်းမှုများ ချိတ်ဆက်မှုအားနည်းခြင်း၊ ဥပဒေတစ်ခုနှင့် တစ်ခုသဟဇာတမဖြစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာ ဆောင်ရွက်မှု အားနည်းခြင်း၊ မြေအရင်းအမြစ်အချက်အလက်များနှင့် မြေပုံများတိကျ မှန်ကန် မှုမရှိခြင်း၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရန်ခက်ခဲခြင်း၊ ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ခြင်း စသည့် စိန်ခေါ်မှုများကို တွေ့ကြုံနေရကြောင်း၊ ထိုကဲ့သို့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ပြည်သူ့အကျိုးပြုနိုင်မည့် လက်တွေ့ကျသည့်မူဝါဒ၊ တရားမျှတသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုပုံစံများ ဖြစ်လာစေရန်အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသော လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါ ဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်စေမည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးသည် အရေးကြီးဆုံးတာဝန်တစ်ရပ် ဖြစ်ပါကြောင်း။

မြေအရင်းအမြစ်များကို အကျိုးရှိရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အရေးအကြီး ဆုံးမှာ မြေအသုံးချမှုနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ၊ စာရင်းအင်းများ၊ မြေပုံများ၊ မှတ်တမ်းများအား တစ်စုတစ်စည်းတည်း စုစည်းမှတ်တမ်းထားရှိပြီး အစိုးရဌာန ဆိုင်ရာများနှင့် အဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့် မြေဆိုင်ရာသတင်းအချက်အလက်များကို လက်လှမ်းမီနိုင်ရန် လိုအပ်ပါကြောင်း။ 

အဆိုပါကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ အနေဖြင့် Technical Team များ ဖွဲ့စည်းပြီး Pilot Project များ စတင်ဆောင်ရွက်နေ သည့်အတွက် အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်းကြရန် ပြောကြားလိုပါကြောင်း၊  ထိုကဲ့သို့ သတင်းအချက်အလက်များကို တစ်စုတစ်စည်းတည်း မှတ်တမ်းထားရှိနိုင်မှသာ မြေစီမံခန့်ခွဲ ခြင်းကိစ္စရပ်များ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်းများတွင် အထောက်အကူပြုနိုင်မည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော နာဂစ်မုန်တိုင်း၊ မိုခါမုန်တိုင်းကဲ့သို့ သဘာဝ ဘေးအန္တရာယ်များ၊ နိုင်ငံအနှံ့အပြား ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အပူချိန်လွန်ကဲမှု အစရှိသည့် ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲဖြစ်စဉ်များကြောင့် လူမှုစီးပွားရေး ပျက်စီးဆုံးရှုံးမှု များကို ရင်ဆိုင်ရလျက်ရှိပါကြောင်း၊ အဆိုပါအချက်များသည် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးနှင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရေး အတွက် မြေအရင်းအမြစ်များကို ပိုမိုစနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်စေရန် မီးမောင်းထိုးပြနေ သည်ဖြစ်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေးနှင့် သဲကန္တာရ ဖြစ်ထွန်းမှုပပျောက်စေရေး၊ မြေယာပြုန်းတီးယိုယွင်းပျက်စီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှုရပ်တန့်စေ ရေးအစရှိသည့် ကာကွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြေအရင်းအမြစ်များကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ရန် အခြေခံအကျဆုံးဖြစ်သည့် အမျိုးသားမြေဥပဒေ ထွက်ပေါ်လာရေးအတွက်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က အမျိုးသားမြေဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်၊ အမျိုးသားမြေအသုံး ချမှုကောင်စီ ပဉ္စမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်(၉)ချက်ပေါ် အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ အမျိုးသားမြေအသုံးချမှု ကောင်စီလုပ်ငန်းတာဝန်(၁၀)ချက်အပေါ် လိုက်နာ ဆောင်ရွက်ရန်၊  မြေသိမ်းဆည်းခြင်း၊ လျော်ကြေးပေးခြင်းကိစ္စရပ်များကို  ပြည်သူများနစ်နာမှု မရှိစေရန် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့်အညီဆောင်ရွက်ရန်၊  စိုက်ပျိုးမြေများကို အခြားနည်းလမ်းဖြင့် အသုံးမပြုရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မြေကိုအကျိုးရှိစွာ အသုံးချရန်အတွက်  မြေယာစီမံခန့်ခွဲမှုကို  စနစ်တကျအလေးထား ဆောင်ရွက်သွားရန်၊ မြေအရင်းအမြစ် နှင့် သတင်းအချက်လက်များ မှန်ကန်စေရန် မြေပုံများစနစ်တကျ ရေးဆွဲထုတ်ပြန်နိုင်ရန် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က အမျိုးသားမြေ ဥပဒေရေးဆွဲရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အမျိုးသား မြေဥပဒေမူကြမ်း ရေးဆွဲပြုစုနေသည့် အခြေအနေများကိုလည်းကောင်း  ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီက မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည် ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက တွေ့ကြုံနေရသည့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင် အထည် ဖော်ရေးအတွက် မြေအသုံးချမှုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ စာရင်းအင်းများ၊ မြေပုံများ၊ မှတ်တမ်းများရယူ စုဆောင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေအသုံးချမှု ရှေ့ပြေးစီမံကိန်း ရေးဆွဲရေးကိစ္စရပ်များနှင့် အမျိုးသားမြေဥပဒေမူကြမ်း ရေးဆွဲခြင်းဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ 

ဆက်လက်၍ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အစည်းအဝေးတွင် ဆွေးနွေးချက်များအပေါ် အခြေခံ၍ အနာဂတ်တွင် စနစ်ကျ၍ ကောင်းမွန်သော မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရန် အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ပီပြင်ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားမြေ ဥပဒေကို လက်တွေ့ကျပြီး ပိုမိုထိရောက်စွာရေးဆွဲနိုင်ရေးအတွက်  မြေယာစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ဌာနအလိုက် ညှိနှိုင်းပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန်မှာကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်