နေပြည်တော်  စက်တင်ဘာ  ၃

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို   ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ   ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့  ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊   ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။

 

ဦးစွာ  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ရေးဆွဲခြင်း ကို အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ် ခဲ့ပြီး ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊  တိုင်း ဒေသကြီး/ ပြည်နယ်များမှ အကြံပြုချက်များပေးပိုခဲ့မှုအပေါ် အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်၍            ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမူကြမ်းကို   ရေးဆွဲခဲ့ရာ  ယခု နောက်ဆုံး သတ္တမမူကြမ်းရရှိပြီး  ဖြစ်ပါ ကြောင်း။

 

အထူးဂရုပြုကြရန်လိုမည်

ပြည်သူ့စစ်မှုထမ်း  သင်တန်းအမှတ်စဉ် (၁)မှ (၄)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊   ဖွင့်လှစ် ပြီးခဲ့သည့် သင်တန်းများနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့်  ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည် ဖော် ဆောင်ရွက် နိုင်ခဲ့သည့်အပြင် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ခဲ့ သည်ကို  တွေ့ရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင်  နေပြည်တော်ကောင်စီ၊    တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများ၊ မျက်မြင်အနေအထားရ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ရန်  မကိုက်ညီသူ များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိမည့်သူများအား   ဆင့်ခေါ်ခြင်း မပြုမိစေရန်လည်း အထူးဂရုပြုကြရန် လိုမည်ဖြစ်ပါကြောင်း၊ မျက်မြင်အားဖြင့် ပဏာမစိစစ်ရမည့်  အချက်များကိုလည်း နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း။

 

ဝိုင်းဝန်းဆွေးနွေးအကြံပြု

ပြည်သူ့စစ်မှုထမ်းများအား သင်တန်းတက်ရောက်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ်စုရပ် များမှတစ်ဆင့် သက်ဆိုင်ရာ သင်တန်းကျောင်းအသီးသီးသို့ ပို့ဆောင်ရပါ ကြောင်း၊   အချို့သော   တိုင်းဒေသကြီး/ပြည်နယ် များအတွင်း ကုန်းလမ်း၊ ရေလမ်းဖြင့် ပို့ဆောင်ရန် ခက်ခဲသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်း(၄) အပတ်စဉ် ဖွင့်လှစ်ခဲ့ပြီးချိန်တွင် စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းစဉ်များ၊ ဆေးစစ်ခြင်းလုပ်ငန်းစဉ်များ၊   သင်တန်းသားများ လက်ခံခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တွေ့ကြုံရသည့်   အားသာချက်/ အားနည်းချက်များရှိမည် ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ၊ တက်ရောက်လာကြသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး  အလုပ် အဖွဲ့များအနေဖြင့် ၎င်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များက  ကင်းလွတ် ခွင့်၊  လျှော့ပေါ့ခွင့်၊   ရွှေ့ဆိုင်းခွင့်ဆိုင်ရာကိစ္စများ၊    ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအသိပညာပေး ဆောင်ရွက်မှုအခြေအနေများ၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များကိုလည်းကောင်း၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်   တိုင်းဒေသကြီးနှင့်   ပြည်နယ် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဥက္ကဋ္ဌများက  စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့်   ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရာတွင် တွေ့ကြုံရသည့် အားသာချက်/အားနည်းချက်များကို လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအလုပ်အဖွဲ့များက သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 

ပူးပေါင်းဆောင်ရွက်

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက   နိဂုံးချုပ်အမှာ စကားပြောကြားရာတွင်  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များသည်  ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင်  ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်၊ ဥပဒေအရသတ်မှတ်ထားသည့် အသက်မပြည့်သူများမပါရှိစေရေး  အထူးအလေး ထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍ ဗဟိုအဖွဲ့သို့ အချိန်မီတင်ပြနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ သို့မှသာ   ဗဟိုအဖွဲ့ အနေဖြင့် ဥပဒေအရ ခွင့်ပြုပေးနိုင်မည့်သူများအား သင်တန်းမစမီခွင့်ပြုပေးနိုင်မည် ဖြစ်ပါကြောင်း၊        ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အလုပ်အဖွဲ့များက ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲ မှုစနစ် (National   Service   Information Management   System - NSIMS) နှင့်စပ်လျဉ်း၍    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ဝန်ကြီးဌာနများနှင့်  ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုပါကြောင်း။

 

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅/၂၀၂၄) ကို   မကြာမီကာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း၊ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့် ယခင်ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် သုံးသပ်ပြီး  သတ်မှတ်ထားသော    စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်   တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်