ရန်ကုန် ဇန်နဝါရီ ၂၇
အိန္ဒိယသမ္မတနိုင်ငံ၏ (၇၆) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Wydham Grand Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur နှင့် ဇနီးနှင့် တာ၀န်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် ဇနီး၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် နှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့အား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယသမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဗွီဒီယို ကလစ်ဖြင့် ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးH.E.Mr. Abhay Thakur က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည်ရူ့အားပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakurနှင့် ဇနီးတို့သည် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၆) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ် ပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့သည် ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး သံအမတ်ကြီးနှင့်ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။
သတင်းစဉ်



