နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံပြန်လည်ပြင်ဆင်နေမှုများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းများအတွက် ယာယီပြောင်းရွှေ့နေရာချထားပေး သည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အဆောက်အအုံ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများ၊ မြေငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စု ဝန်ကြီးရုံးတို့မှ ဝန်ထမ်းမိသားစုများအတွက် ယာယီပြောင်းရွှေ့ နေရာချထားပေးမှု အခြေအနေများ အား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက် ညနေပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ အင်အား ပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အခြေအနေ များ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးချုပ်က ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင် ရေးဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်၊ အဆောက်အအုံများအား သတ်မှတ်ထားသည့် SOP နှင့်အညီ ရေရှည်ခိုင်ခံ့မှု အတွက် ပြုပြင်တည်ဆောက်ရန် မှာကြားခဲ့သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့သည် တာဝန်ရှိသူများနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဝန်ထမ်းများနေထိုင်သည့် သပြေ(၁)အဆောင်များသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများကို ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်မှု၊ ဝန်ထမ်းများအား ပြန်လည်နေရာ ချထားပြီး နေထိုင်မှုအခြေ အနေတို့အားကြည့်ရှု၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိအားကစားကွင်းမြေနေရာရှိ ယာယီစခန်းအတွက် လျှပ်စစ်မီးပေးနိုင်ရေး Transformer အသစ် တပ်ဆင်နေရာချထားမှုအား ကြည့်ရှုစစ်ဆေးပြီးနောက် ယင်းနေရာရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် UAB Foundation မှယာယီစခန်း တည်ဆောက်နေမှု၊ နေထိုင်စားသောက်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးထားမှု၊ သောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် နေထိုင်ရန် အခက်အခဲရှိသည့် ဝန်ထမ်းများနှင့် မိသားစုများအတွက် စီစဉ်ပေးထားသည့် ယာယီ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီနေရာချထားသည့် နေရာကိုးခုသို့ လျှပ်စစ်ဓာတ်အား ရရှိရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည် ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း ၅၆၀ တို့ဖြင့် ဓာတ်အားရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် နေပြည်တော်ကောင်စီ နယ်မြေတွင် ၉၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၉၉ ဒသမ ၉၈ ရာခိုင်နှုန်း၊ စစ်ကိုင်းမြို့တွင် ၉၇ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီး၍ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့သည် တာဝန်ရှိသူများနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ အတွက် ယာယီစခန်း (၂) အဖြစ် ဖွင့်လှစ်ထားသည့် ဒက္ခိဏသီရိ မြို့နယ်ရှိ ကျောက်မျက်ရတနာ ပြခန်းဝင်းနေရာသို့ သွားရောက်၍ ယာယီစခန်းဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝန်ကြီး ဌာနမှ ဝန်ထမ်းများအတွက် စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ သန့်ရှင်းသည့် သောက်သုံးရေရရှိ စေရေး၊ အစားအသောက်များ သန့်ရှင်းမှုရှိစေရေး၊ ကျန်းမာရေးအတွက် အထူးဂရုပြုနေထိုင်ရေး တို့မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များကို အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံ တော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ယာယီ နေထိုင်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးထားသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်း မိသားစုဝင်များနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်၍ လိုအပ်ချက် များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်