နေပြည်တော် ဇန်နဝါရီ ၂၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ ဌာန အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး နေပြည်တော်ပြင်ပဌာနများမှ ဝန်ထမ်းများက ဗီဒီယိုကွန်းဖရင့်ဖြင့် တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက “ဥပဒေကို မသိ၍ ပြစ်မှု ကျူးလွန်ခဲ့သည်” ဆိုသော အဖြစ်မျိုးမဖြစ်စေရေးအတွက် နိုင်ငံသားတိုင်းဥပဒေနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတ ရရှိစေရေး လိုအပ်သည်ဖြစ်ရာ အခြေခံအားဖြင့် မိမိတို့နိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေများအနက် သိသင့်သိထိုက်သော ဥပဒေများ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို မှတ်သားသိရှိနေရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအသိရှိသူများ ပေါ်ထွန်းလာစေရေး တို့အတွက် ယနေ့ဟောပြောပွဲမှ ရရှိခဲ့သည့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများကို မိမိတို့၏ နိုင်ငံနှင့်ဌာနအတွက် လက်တွေ့ကျကျ ကောင်းစွာ အသုံးချသွားကြရန်နှင့် “ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံနေထိုင်သူများ ဖြစ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဥပဒေအရာထမ်းများက ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေနှင့် ဆက်သွယ်ရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအပါအဝင် နိုင်ငံသားတိုင်း၊ နိုင်ငံ့ဝန်ထမ်းတိုင်း အခြေခံအားဖြင့် သိသင့်သိထိုက်သည့် ဥပဒေများအကြောင်း ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိ လိုသည်များ မေးမြန်းဆွေးနွေးကြသည်။

 

အဆိုပါဟောပြောပွဲကို နိုင်ငံ့ဝန်ထမ်းများဥပဒေဆိုင်ရာ အခြေခံသဘောတရားများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်ပြီး စည်းကမ်းရှိသော နိုင်ငံသားများဖြစ်စေရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီး၌ ပေးအပ်သည့်တာဝန်များကို ဥပဒေနှင့်အညီ စနစ်တကျ ကျေပွန်စွာထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)