ဟားခါး ဖေဖော်ဝါရီ ၂၂

ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ မြို့ဦးကျောင်းတိုက်ရှိ အတုလဂုဏ်ရည်သာသနဗိမာန် သို့သွားရောက်၍ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဟားခါး-ထန်တလန် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ၊ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ချင်းပြည်နယ် ထန်တလန်မြို့နှင့် ဟားခါးမြို့တို့မှ မြို့မိမြို့ဖများအား ဟားခါးမြို့ တောင်ဇလပ်ရိပ်သာ၌ တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှာစကားပြောကြားပြီး မြို့မိမြို့ဖများက ၎င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် မြို့မိမြို့ဖများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။

သတင်းစဉ်