နေပြည်တော် နိုဝင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများ ဇေယျာသီရိ အားကစားကွင်းအတွင်း လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိအားကစားကွင်း (B) ရုံ၌ အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးရာ အသင်းအုပ်ချုပ်သူနှင့် နည်းပြများက ပြိုင်ပွဲဝင်အားကစားသမားများ စုဖွဲ့လေ့ကျင့်မှုအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့ ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 
ဆက်လက်၍ ဇေယျာသီရိ ဘောလုံးအားကစားကွင်းအတွင်း အမျိုးသားဘောလုံးအသင်းနှင့် ပြေးခုန်ပစ် အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည် ထောင်စုဝန်ကြီးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့်  နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်မည့် ဌာနဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် အလေးထား ကြိုးစားကြရန်၊ တရားသော ယှဉ်ပြိုင်နည်းဖြင့် ယှဉ်ပြိုင်ကြရန်၊ လေ့ကျင့်မှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် လေ့ကျင့်ကြရန်၊ ပြိုင်ပွဲကာလ နီးကပ်လာ၍ ကျန်းမာကြံ့ခိုင်မှု ပြည့်ဝနေစေရေး ဂရုစိုက်နေထိုင်ကြရန်၊ အားကစားဖြင့် နိုင်ငံနှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရန်မှာကြားပြီး  အားကစားသမားများကို အင်အားဖြည့်အစားအစာများနှင့် ချီးမြှင့်ငွေ ပေးအပ်သည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဘောလုံး (အမျိုးသား)၊ ဘော်လီဘော (အမျိုးသား / အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ပြေးခုန်ပစ် (အမျိုးသား / အမျိုးသမီး) နှင့် ဂေါက်သီးရိုက် (အမျိုးသား) အားကစားနည်း ခြောက်မျိုးကို အားကစားသမား ၁၃၃ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်