နေပြည်တော်၊ ဇန်နဝါရီ ၇
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင် ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ(၂)ရပ်လုံးဖွံ့ဖြိုးတိုးတက်ရေးကို ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရှင်များ၏ တတ်သိ ကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း (Development Trends) ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာ ဖြေရှင်းနိုင်မည့် ဦးစားပေး ဆောင်ရွက်သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြရမည်ဖြစ်ပါကြောင်း။
ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝတိုးတက်မြင့်မားရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပိုမို ဝင်ရောက်လာစေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ရရှိရေးသည် အရေးကြီးသည့် အခြေခံအဆောက်အအုံ (Infrastructure)ဖြစ်နေသည့်အတွက် ကဏ္ဍ(၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းပေးရခြင်း ဖြစ်ပါကြောင်း။
လျှပ်စစ်ကဏ္ဍတွင် မိမိတို့နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးရှိရာ ရေအားနှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုကို ယခုထက်ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့်အတွက် သဘာဝဓာတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအနေအထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက် ဖျက်ဆီးမှုများ ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားအပြည့်အဝ မထုတ်လုပ်နိုင်သည့်အပြင် သဘာဝ ဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍ မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတွင်လည်း ရရှိသမျှလျှပ်စစ်ဓာတ်အားနှင့် အချိန်လိုက်အုပ်စုခွဲပြီး လျှပ်စစ် ဓာတ်အားသုံးသူများကို တတ်နိုင်သလောက် အဆင်ပြေချောမွေ့အောင် ဖြန့်ဖြူးပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု တို့သည် အဓိကကျသည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက် ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ရန်နှင့် ဧရာဝတီမြစ်ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများတည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများတည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ(၁၆)ခုရှိပြီး ဦးစားပေး (၄)နေရာအနက်မှ အသင့်လျော်ဆုံးတစ်နေရာအား အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပညာရှင်များမှ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။
နိုင်ငံတကာတွင်လည်း ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Energy အား အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံး ပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေး ပေးစေလိုပါကြောင်း။
စွမ်းအင်ကဏ္ဍအနေဖြင့်လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ်များ၊ လုပ်ကွက်ဟောင်းများ ပြန်လည် အဆင့်မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်း လုပ်ငန်းများအတွက် အဆင့်မြှင်တင်ခြင်းများ ဆောင်ရွက်သွား ရမည်ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အကြံပြုပေးစေလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက် သည် ယခုထက်ပိုပြီး ဆက်လက်မြင့်တက်နေဦးမည်ဖြစ်၍ လုံလောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဦးမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်အဖွဲ့ဝင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲ များနှင့် ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်အစီအစဉ်များကို တင်ပြသွားကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌ(၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့် စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင်ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အားရရှိမှုနှင့်သုံးစွဲမှု အခြေအနေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များအစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


