နေပြည်တော် မေ ၁၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက် ပိုစတာစိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

အမွှေးနံ့သာများပက်ဖျန်း

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက မြေစိုက်ပိုစတာအား အမွှေးနံ့သာများ ပက်ဖျန်းကြပြီး ပုသိမ်မြို့အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်း အကျိုးတော်ဆောင် ကော်မတီ များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

 

ယင်းနောက် လပွတ္တာမြို့နယ် ရေဆိုင်ကျေးရွာအုပ်စု စမ်းချောင်း ကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချ သုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ ရောက်ရှိပြီး ခိုင်းကျွဲများ တိုးတက်မွေးမြူထုတ်လုပ်ဖြန့်ဖြူး နိုင်ရန်၊ ခိုင်းကျွဲ၊ နွားအစာထုတ်လုပ် ကျွေးမွေးခြင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြား၍ လပွတ္တာမြို့နယ် တက်စ်ကမ်မရိန်း လပွတ္တာလီမိတက်သို့ သွားရောက်ပြီး ကဏန်းပျော့ မွေးမြူ၊ ထုတ်လုပ်ပုံအဆင့်ဆင့် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုသည်။

 

ဆက်လက်၍ လပွတ္တာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံများနှင့် ငါး၊ ပုစွန်၊ ကဏန်းလုပ်ငန်းရှင်များက မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။

 

ထို့နောက် စူပါရွှေကဏန်း မွေးမြူရေးလုပ်ငန်းသို့ သွားရောက်၍ ကဏန်းပျော့မွေးမြူ၊ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ယင်းနောက် လပွတ္တာမြို့နယ် ရွေးမြစ်နှင့် ပြာမလော့မြစ်အကြားတွင် တည်ဆောက်ရေး(၉)၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေငန်တား တာများ တည်ဆောက်ခြင်း စီမံကိန်းနှင့် မြစ်ကြိုးကြီး ရေတံခါး (၆ ပေ x ၆ ပေ) ၄ပေါက် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို ရှင်းလင်း ပြောကြားကာ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) များ ပေးအပ်သည်။

 

ထို့နောက် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း တည်ဆောက်မည့် မြေနေရာအတွက် မြေပေးမိန့်ကို လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက လက်ခံရယူပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ဒုံးယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်