ပုသိမ် မတ် ၂

 

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တောင်သူလယ်သမားနေ့အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာ ဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စိုက်ပျိုးပြသထားသည့် အိမ်ခြံဝန်း ဟင်းခင်းပဒေသာ ( Home Garden)၊ သစ်သီးဝလံပန်းမန် ဥယျာဉ်ကို လှည့်လည်ကြည့်ရှု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်သည် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ လာရောက်လေ့လာသည့် ရုရှားသံရုံးမှ တာဝန်ရှိသူတစ်ဦး၊ RUMA ORGANIC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့နှင့် တွေ့ဆုံပြီး ရုရှားရွက်ဖြန်းမြေသြဇာနှင့် ရုရှားနေကြာမျိုးများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးသည်။

 

ယင်းနောက် သဘာဝအပင် အာဟာရဆေးရည်များ၊ သဘာဝပိုးသတ်ဆေးများ၊ ပင်ကြား (၉) လက်မ၊ တန်းကြား (၂ ဒသမ ၅) ပေ စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားသည်။

 

ထို့နောက် မြောင်း‌မြပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများ၏ ကျေးလက်ရိုးရာအက၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် Winner ဆုရှင် မဇင်သူသူထွန်း၏ တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးသီချင်း၊ မြောင်းမြခရိုင် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာ အက၊ တူယှဉ်နွှဲပျော် ဂီတပွဲတော် Winner ဆုရှင် မောင်စိုးထက်အောင်တို့၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် စိုက်ပျိုးမွေးမြူရေး ထူးချွန်ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ထူးချွန်ဆုရ တောင်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးတို့သည် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်သည်။

 

ထို့နောက် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပြခန်းများနှင့် လက်ဆွဲကောက်စိုက်စက်၊ (၆) တန်းသွား ကောက်စိုက်စက်နှင့် (၁၀) တန်းသွား မျိုးစေ့ချစက်တို့ဖြင့် သရုပ်ပြစပါး စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် တောင်သူများနှင့် လက်ရည်တပြင်တည်း နေ့လယ်စာအတူတကွသုံးဆောင်ကြကာ ပညာအလင်္ကာတေးဂီတအဖွဲ့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကိုကြည့်ရှုအားပေး၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရတောင်သူများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးပွဲ Real Live Show ပြသမှုများကို တက်ရောက်အားပေးပြီး စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

 

ယနေ့ကျင်းပသည့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံစိုက်ခင်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေး ကန်များ၊ စက်မှုလယ်ယာဉီးစီးဌာနမှ လက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွား ကောက်စိုက်စက်နှင့် ဆယ်တန်းသွားမျိုးစေ့ချစက်တို့ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းများ စိုက်ပျိုးပြသထားရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ဖွံ့ဖြိုးရေးသုတေသနပြခန်းများ အပါအဝင် ပြခန်းစုစုပေါင်း (၅၁) ခန်း ဖွင့်လှစ်ပြသထားရှိကာ ပြခန်းများနှင့် ဆွေးနွေးပွဲများကို ယခုလ (၄) ရက်အထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်