လွိုင်ကော် စက်တင်ဘာ ၁၂

ကယားပြည်နယ် ၊ ၂၀၂၃ခုနှစ် ၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီ၊ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့၊  ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင် ဒိုင်ချုပ်နှင့် ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသည့် တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသ ကွပ်ကဲရေးမှူးတို့က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖျော်ဖြေရေး အဆို၊ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြကာ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြိုင်ပွဲအကဲဖြတ် ဒိုင်ချုပ်နှင့် အကဲဖြတ်ဒိုင် အဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြည်ထောင်စုအဆင့်သို့သွားရောက်ယှဉ်ပြိုင်မည့်  သတ်မှတ်အရည် အချင်းများနှင့် ပြည့်မှီသည့် ပြိုင်ပွဲဝင်များအား စနစ်တကျရွေးချယ်ပေးကြရန် မှာကြားသည်။

ကယားပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ပြိုင်ပွဲကို ယနေ့စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပညာရှင်နှင့်ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ(၃၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြည်နယ်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား၌ အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် လွိုင်ကော်မြို့ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ပြည်နယ် ဩဝါဒစရိယ သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော်အရှင်သူမြတ်ထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကလျာဏ ထေရဝါသ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။

ထို့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်) သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုများကို ကြည့်ရှုပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်  တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကျောင်းပရိဝုဏ်အတွင်း နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေမှု အခြေအနေ၊ စိုက်ပျိုးရေး စိုက်ခင်းများနှင့် မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးဟိုး ခန်းမဆောင်၌ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ဝင်များ၊ ထေးသမရပ်ကွက်တွင် နေထိုင်နေကြသော ယာယီ နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကေ့ထျိုးဘိုး ဂေါပကအဖွဲ့အတွက် ထောက်ပံ့ငွေများ ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ထေးသမရပ်ကွက်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ကြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်