နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော်၊ ဇန်နဝါရီ ၈

 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ (၈) ခု၏ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဉီးစွာ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် (၁၈၀/၂၀၂၃) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် (၃၆) ဦး ဖြင့် နောက်ဆုံးအကြိမ်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို လုပ်ငန်းကော်မတီ အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဥ္စမအကြိမ် အမျိုးသားကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၁၇) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များအနက် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက် (၆) ချက်မှအပ ကျန်အချက်များ ဆောင်ရွက်ပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း။

 

ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြန်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရေးအတွက် အသိပညာနှင့် ဗဟုသုတတိုးမြှင့်စေခြင်း၊ နိုင်ငံတကာ စံချိန်၊စံညွှန်းများနှင့်အညီ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ ကလေးအလုပ်သမား ပြဿနာအပေါ် ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို (၅) နှစ် လုပ်ငန်းစီမံချက် (၃) ကြိမ်ဖြင့် ကာလရှည် (၁၅) နှစ် လုပ်ငန်းစီမံချက် သတ်မှတ်ဆောင်ရွက်သွားရန် လျာထားပြီး ပထမကာလတို (၅) နှစ် လုပ်ငန်းစီမံချက်အား ခိုင်မာတိကျသော အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများရှိစေခြင်းစသည့် ရည်မှန်းချက် (၆) ရပ်ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စတင်ဆောင်ရွက်သွားရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို မူအားဖြင့် အတည်ပြုခဲ့ကြောင်း။

 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမကာလတို (၅) နှစ်စီမံချက်ပါ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုအနက် ကနဦး စီမံချက် နယ်မြေများဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဦးစားပေးနယ်ပယ် (၂) ခုဖြစ်သော စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ရှိ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ပထမကာလတို (၅) နှစ် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ခုနှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။

 

အာဆီယံတွင်လည်း ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများအားလုံးကို ဆန့်ကျင်ခြင်း၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ မူဝါဒများကို အရေးကြီး ဉီးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် “no child left behind” မည်သည့်ကလေးမျှနောက်ချန်မထားရေး လုပ်ငန်းစဉ်အောင်မြင်စေရန်အတွက် လူမှုအဖွဲ့အစည်းများက အလေးထားဆောင် ရွက်လျက်ရှိနေသည်ကိုလည်း လေ့လာသိရှိရကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို ကလေးအလုပ်သမား ကိုယ်တိုင်မှစ၍ မိဘများထံထိရောက်စွာ ရောက်ရှိနိုင်ရေး အသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ဖြစ်သော နှစ်စဉ်ဇွန် ၁၂ ရက်ကျရောက်တိုင်း အမျိုးသားအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားများကျင်းပ ပြုလုပ်ခြင်း၊ ပိုစတာများစိုက်ထူခြင်း၊ မီဒီယာများတွင်ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့် ဝေခြင်းစသည့် အများပြည်သူထံ ကလေးအလုပ်သမားဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အသိအမြင်များ တိုက်ရိုက်ရောက်ရှိနိင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂါတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းကြောင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေရှည်စီမံကိန်း ချမှတ် ဆောင်ရွက်သွားရမည့်အပြင် လုပ်ငန်းစီမံချက်ကာလတို (၅) နှစ်တာ ပြီးဆုံးမည့် ၂၀၂၃ ခုနှစ် နောက်ပိုင်းတွင်လည်း အလားတူစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အမျိုးသား ကော်မတီ အဖွဲ့ဝင်များအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပဥ္စမအကြိမ် အမျိုးသား ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ (၈) ခု၏ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆဋ္ဌမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။

 

ယင်းနောက် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်