နေပြည်တော် မတ် ၁၅
၂၀၂၃-၂၀၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဉီးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ရန် မြန်မာ့လက်ရွေးစင်လူငယ်အသင်းများကို ကျောထောက်နောက်ခံအဖြစ် အင်အားအများဆုံး ဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်ဘောလုံးပြိုင်ပွဲများကို မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးနေပါကြောင်း။
ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ် ထားသည့် ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြ စေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်က အားထားရမည့် ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားရင်း ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ကို ရွတ် ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။
၂၀၂၃-၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ မတ် ၁၅ ရက်မှ ၂၉ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားကိုစိတ်ပါ ဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)