နေပြည်တော်၊ ဩဂုတ် ၁၉

   

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ  ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည် နယ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးအောင်ကျော်ဟိုးနှင့် ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသမီး အကောင်းဆုံးဂိုးသမားဆု၊ အမျိုးသား အကောင်းဆုံးဂိုးသမားဆု၊  အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုနှင့် အမျိုးသား အကောင်းဆုံးအားကစားသမားဆု ရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရွှေကြိမ်းက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင်  တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင်က အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကချင်ပြည်နယ် အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒေါက်တာမှုထန် အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကချင်ပြည်နယ် အသင်းကိုလည်းကောင်း တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်းက အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်စုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြသည်။

 

အလားတူ ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  အမျိုးသား ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ တတိယလုပွဲ  ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၇) ဂိုး (၆) ဂိုးဖြင့်လည်းကောင်း၊ အမျိုးသား ဖူဆယ်ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၈) ဂိုး (၃)ဂိုး ဖြင့်လည်းကောင်း၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၉) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖူဆယ်အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစားနည်း ပိုမိုပြန့်ပွားလာစေရေး၊ လူငယ်ထုအတွင်း ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးတို့အတွက် ရည်ရွယ်၍ ဩဂုတ် ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်ပပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား ၁၅ သင်းနှင့် အမျိုးသမီး ၁၄ သင်းတို့မှ စုစုပေါင်း အားကစားသမား ၅၂၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်