ဘားအံ နိုဝင်ဘာ ၄

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထွန့်ပတိုင် ရေကန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို  ယနေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာအုပ်စုရှိ အဆိုပါလမ်းမုခ်ဦး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက် ဖွင့်လှစ်ပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ အဖွဲ့ဝင် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ထွန့်ပတိုင်ချမ်းသာကြီး ကျောင်းဆောင်၌ ထွန့်ပတိုင်ရေကန် ဦးစီးတည်ထောင်သူ ကျောက်ကလပ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ထွန့်ပတိုင်ရေကန် အဝင်လမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခင်မူလရေကန်အဝင်လမ်းသည် မြေသားလမ်းဖြစ်ပြီး လမ်းအရှည်(၅)ဖာလုံအား (၁၄)ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများအတွက် အသွားအလာ အဆင်ပြေချောမွေ့သွားပြီ ဖြစ်ကြောင်း၊ ထွန့်ပတိုင်ရေကန်အဝင်လမ်းသည် ခရီးသွားပြည်သူများ အသွားအလာများသော နေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကွန်ကရစ်လမ်း သစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသ၏ခရီးသွားလုပ်ငန်း တိုးတက်လာမည် ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)က လမ်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ကျေးလက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများအား လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး  လမ်းအားဖြတ်သန်းကြည့်ရှု စစ်ဆေးကြကာ လမ်းဖွင့်ပွဲအခမ်းအနားတွင် လာရောက်သီဆိုကပြဖျော်ဖြေပေးကြသည့် ယဉ်ကျေးမှုအဖွဲ့များ အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်သည် အရှည်(၅)ဖာလုံ၊ အကျယ် ၁၄ ပေရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၉၄ ဒဿမ ၅၅၅) သန်းဖြင့် Burma Palace ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ထွန့်ပတိုင်ကန်တော်မင်္ဂလာနှင့် ထွန့်ပတိုင်တံတားတို့ကို လှည့်လည်ကြည့်ရှုကြပြီး ထွန့်ပတိုင်(ထမ္မတိုင်)တောင်ခြေ ကျောက်သားနံရံ၌  မြတ်စွာဘုရားရှင်အား ရည်မှန်းပုံဖော်ထုဆစ်ထားသော နဂါးရုံ ဗုဒ္ဓရုပ် ပွားတော်အား ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ နောင်လုံ(အရှေ့)ကျေးရွာ၊ ကွင်းအမှတ် ၁၁၄၇၊ တောင်သူဦးမောင်ရှိန် ၏ လယ် ၅ ဧကအတွင်း ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက်အားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ သည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လို ကြောင်း၊ ယခုကဲ့သို့ မိုးစပါးအပြီးတွင် အခြားအလားအလာရှိသည့် သီးနှံများကို နှစ်သီးမှ သုံးသီးအထိစိုက်ပျိုးထုတ်လုပ်မှသာလျှင် ဆန်/ဆီ/ပဲ ဖူလုံပိုလျှံပြီး ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး သာယာဝပြောလာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လည်း စားနပ်ရိက္ခာဖူလုံရေးနှင့် သီးနှံများတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပြည်နယ်၏လိုအပ်ချက်၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ရှေးရှုပြီး အဖက်ဖက်မှ အားပေးကူညီ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ဆောင်းဆီထွက်သီးနှံနေကြာစိုက်ပျိုးကြမည့် အိန္ဒု၊ လွန်းည၊ နောင်လုံ(အရှေ့) နောင်လုံ(အနောက်)၊ အိန္ဒဲကျေးရွာများမှ တောင်သူများကို နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဆောင်းဆီထွက်သီးနှံ နေကြာ အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုကြပြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော တောင်သူပညာပေးပြခန်းငယ်များနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို တောင်သူများထံ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေသည့် အခြေအနေများကို ကြည့်ရှုအားပေးကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာသာမိ(တောမှီရဟန်း) အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်