စစ်တွေ ဒီဇင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ဒေါက်တာ ဘရွှေနှင့် ခွန်စံလွင် တို့သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ပြီး အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည်။ 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍ စေတီတော် ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြကာ လောကာနန္ဒာ စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော် (၂) ဆောက်လုပ်နေမှုနှင့် နေပူခံကျောက်ပြားခင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကြသည်။         

ဆက်လက်၍ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စကြာမုနိ ဗုဒ္ဓရုပ်ပွားတော် အားဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။ 

 

mdn

 

တွေ့ဆုံစဉ် နိုင်ငံတော်စီမှုအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ပညာရေးဌာနတွင် တာဝန် ထမ်းဆောင်နေကြသည့် မိမိတို့ဆရာ၊ ဆရာမများသည် အတတ်ပညာဆိုသည့် ဘာသာရပ် ကျွမ်းကျင်မှုအပြင်ကျောင်းသား၊ ကျောင်းသူများကို စိတ်ပိုင်းဆိုင်အတွေးအခေါ် အယူအဆ မှန်ကန် အောင်သင်ကြား ပေးရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် စေတနာ၊ မေတ္တာ၊ ဂရုဏာထားပြီး သင်ကြားပေးကြသော ဆရာ၊ ဆရာမကောင်းများ ဖြစ်နိုင်ကြပါစေကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိတို့အသက်မွေးဝမ်းကျောင်း ပညာဖြစ်သော မြင့်မြတ်သည့် ပညာသင်ကြားရေးလုပ်ငန်းကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ဖြင့် ထမ်းဆောင်နိုင်ပါစေ ကြောင်းပြောကြားသည်။ 

ယင်းနောက် တက်ရောက်လာသော ဆရာ၊ ဆရာမများက တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေကတို့က တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမှုအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေနှင့် အခြေခံစားကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်