မြစ်ကြီးနား ဇန်နဝါရီ ၉
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မျက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးဇော်အေးမောင်တို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များက ရိုးရာဧည့်ကြိုအကဖြင့် ကြိုဆိုကြသည်။
ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် မနောပွဲအား ရိုးရာ အစဉ်အလာနှင့်အညီ ကျင်းပနိုင်ရေး ဖာသာဒေါက်တာ ဂေါ်လူယုံဝါက ဆုတောင်းဆက်ကပ် အပ်နှံပေးပြီး အခမ်းအနားနှင့် မနောပွဲကို ပြည်ထောင်စုဝန်ကြီးများ ဒုတိယဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆) မျိုး၊ ရှမ်းမျိုးနွယ်စု (၅) မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက မနောအကတွင် ဦးဆောင်သူ (Nau Shawng) များ၏ ဦးဆောင်မှုနှင့်အတူ ရိုးရာ အစဉ်အလာနှင့်အညီ မနောအကကို တစ်ပျော်တစ်ပါး စုပေါင်း ဆင်နွှဲကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများက မနောကွင်းဘေးတွင် ပြသထားသည့် ဌာနဆိုင်ရာ ပြခန်းများနှင့် ဒေသထွက်ကုန် ပစ္စည်းများဖြစ်သည့် သတ္တုရေးရာပြခန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာပြခန်း၊ ကျောက်စိမ်းနှင့် အချောထည်ပြခန်း၊ တိုင်းရင်းဆေးထုတ် ကုန်ပြခန်း၊ စက္ကူနှင့်စာအုပ်ထုတ်ကုန်ပြခန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသထွက် သစ်သီးဝလံပြခန်း၊ အသင့်စား စားသောက်ကုန်ပြခန်း၊ ဂျပ်ခုတ်၊ ရက်ကန်း၊ ပိုးချည်မျှင်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည် နယ်ဝန်ကြီးချုပ်တို့သည် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) တို့ ပူးပေါင်း၍ ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို တက်ရောက်ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မိုးလုံလေလုံအားကစားခန်းမအတွင်း မြန်မာနိုင်ငံအတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် ၁၂ ခုတို့မှ လက်ဝှေ့ကစားသမားများ၏ (၃) ချီစိန်ခေါ်ပွဲ တွဲဆိုင်း (၄) ဆိုင်း၊ (၄) ချီစိန်ခေါ်ပွဲ တွဲဆိုင်း (၂) ဆိုင်းအပါအဝင် (၅) ချီအထူးစိန်ခေါ်ပွဲအဖြစ် ပြည်နယ်နှင့်တိုင်း ရွှေခါးပတ်ချန်ပီယံ၊ ဂျပန် ဘုရင့် ဖလားဆုရ ဆီးဂိမ်းလက်ရွေးစင် ဗျက္ခ (ကျားဖြူ) နှင့် သုံးထပ်ကွမ်း ရွှေခါးပတ်ချန်ပီယံ ကရင် ပြည်နယ်မှ ဖျံသွေး (ထူးမေတ္တာထူး) တို့အတွဲနှင့် ပြည်နယ်နှင့် တိုင်းရွှေတံဆိပ် အကောင်းဆုံးဆုရ ထွန်းလင်းခန့် (စစ်ကိုင်း) နှင့် ထွန်းမင်းအောင် (ထွန်းထွန်းမင်းကလပ်၊ မုဒုံ) တို့အတွဲ၏ ယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်