နေပြည်တော် ဇွန် ၅

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့်  ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရန် ၁၉၇၂ ခုနှစ်တွင် ကုလသမဂ္ဂလူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့သည့် ဇွန် (၅) ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း။

ယခုနှစ်ဆောင်ပုဒ်ကို “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဟု သတ်မှတ်ထားပါကြောင်း၊ သဲကန္တာရဖြစ်ထွန်းလာနိုင်ခြင်း၏ ရှေ့ပြေးလက္ခဏာများအနေဖြင့် အလွန်အမင်း ခြောက်သွေ့ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်းနှင့် ဆူးပင်များ ပေါက်လာခြင်းတို့ဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းနှင့် စားရေရိက္ခာများ ပြည့်ဝဖူလုံစေရန်နှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးတို့အတွက် မြေယာပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရန် ယခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်ဖြင့် သတိပေးတိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ကြောင်း။

စံချိန်သစ်တင်ခဲ့

မိမိတို့နိုင်ငံအနေဖြင့်လည်း ကမ္ဘာနှင့်တစ်ဝန်း ရာသီဥတုပြောင်းလဲမှုနှင့်အတူ အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်းနှင့် မိုးခေါင်ခြင်းစသည့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်ဆိုးကျိုးများကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း၊ ယခုနှစ် ဧပြီ ၂၈ ရက်က မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်သည် လွန်ခဲ့သည့် ၅၆ နှစ်က ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်ပြီး စံချိန်သစ်တင်ခဲ့ကြောင်း၊ အပူချိန်မြင့်တက်လာခြင်းနှင့်အတူ မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ရေတွင်းရေကန်များတွင် ရေများလျော့နည်းလာခြင်း၊ ခန်းခြောက်သွားခြင်း၊ သောက်ရေသုံးရေရှားပါးခြင်း၊ ပူပြင်းခြောက်သွေ့မှုကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခြင်း၊ စိုက်ပျိုးသီးနှံများ ပျက်စီးခြင်းနှင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်းသူများတွင် အသက်အန္တရာယ် ထိခိုက်သည်အထိ ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေခြင်းစသည့်အကျိုးဆက်များကို ခံစားနေကြရပါကြောင်း။

အရှိန်အဟုန်ဖြင့်စီမံဆောင်ရွက်

ရာသီဥတုပြောင်းလဲမှုကြောင့် သစ်ပင်သစ်တောများ နည်းပါးလာခြင်း၊ အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်မည့် အခြေအနေများကို တွေ့မြင်လာရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂသဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်း၏ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ပါ ကတိကဝတ်များကို စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းနှင့်စပ်လျဉ်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပါဝင်သည့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ်ပေါင်း ၅၃ မြို့နယ်တို့တွင် ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ သစ်တောစိုက်ခင်းဧက လေးသိန်းကျော် စိုက်ပျိုးတည်ထောင်ခြင်း၊ သဘာဝတော ဧက ၂ ဒသမ ၂၅ သန်းကို ကာကွယ်ထိန်းသိမ်းခြင်း၊ ထင်းအစား အခြားလောင်စာတိုးမြှင့်အသုံးချရေးနှင့် ရေရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။

ခရိုင် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်တမ်း ၂ နှစ်အထက် ပျိုးသက်ရင့်ပျိုးပင်များနှင့် ရွာတစ်ရွာ ၂ ဧက စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ခင်းမျိုးစုံ နှင့် တစ်ရွာ ၂ ဧက ကျေးရွာ ထင်းစိုက်ခင်းအပါအဝင် အပင်ပေါင်း ၂ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ကျေးရွာပေါင်း ၈၀၉ ရွာကို အကျိုးပြုစေမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် သစ်တောစိုက်ခင်း မျိုးစုံအပါအဝင် သစ်ပင်ပေါင်း ၂၂ သန်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။

ထို့ပြင် ၂၀၃၀ ပြည့်နှစ်တွင် ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောကို နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်း သတ်မှတ်ဖွဲ့စည်းရန် လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဧပြီလအထိ သစ်တောနယ်မြေ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော ၁၃၀၄ ခု၊ နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံ့ ဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့်ကာလ ၆ နှစ်ကျော်ခန့်အတွင်းတွင် လျာထားရည်မှန်းချက်ပြည့်မီအောင် ကာကွယ်ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးပြုပြင်ခြင်းများကို ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

လေးစားလိုက်နာဆောင်ရွက်

သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအတွက် မြေယာပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ကြရာတွင် သစ်တောများ ထိန်းသိမ်းတည်ထောင်ခြင်း၊ အပူဒဏ်ခံနိုင်သည့်အပင်များနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ရေချိုသယံဇာတများ ထိန်းသိမ်းခြင်းနှင့် ဓာတ်မြေသြဇာအစား သဘာဝမြေသြဇာများ ပိုမိုအသုံးပြုခြင်း စသည်များဖြင့် ပြုပြင်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း၊ ဆွေးမြည့်ရန်မလွယ်ကူသည့် ပလတ်စတစ်နှင့် ကြွပ်ကြွပ်အိတ်များကို လျှော့၍သုံးစွဲခြင်း၊ ပြန်သုံးခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲခြင်းစသည့် 3R စနစ်များကို အလေးထားဆောင်ရွက်ကြရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေများကို မိမိတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံးက လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဖြစ်သည့် “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ စိမ်းလန်းစိုပြည်သည့်၊ ရာသီဥတုကောင်းမွန်မျှတသည့်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာစေရန် သဲကန္တာရ ဖြစ်လာနိုင်ခြင်းမှ ကာကွယ်ရေးနှင့် မိုးခေါင်ရေရှားဒဏ် လျော့နည်းရေးတို့အတွက် အားလုံးတက်ညီလက်ညီ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြော ကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူးတို့၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ ဗီဒီယိုများကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက ၂၀၂၄ ခုနှစ်အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့ဆုရရှိသည့် ရှမ်းပြည်နယ် ကလောမြို့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာဆုရရှိသည့် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သံဘိုရွာသစ်ကျေးရွာ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် Shwe Taung Cement Co,Ltd (အပါချီ ဘိလပ်မြေစက်ရုံ) တို့မှ တာဝန်ရှိများကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ဆက်လက်၍ ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက ၂၀၂၄ ခုနှစ်အတွက် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အကောင်းဆုံးအထက်တန်းကျောင်းဆုနှင့် အကောင်းဆုံးမူလတန်းကျောင်းဆု ရရှိကြသည့်ကျောင်းတို့မှ တာဝန်ရှိသူများကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်/ ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကို ပြသသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်