နေပြည်တော် ဒီဇင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းများမှ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စစ်ပညာများကို စနစ်တကျလေ့ကျင့်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အမှာစကား ပြောကြားရာတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းသည် မိမိနိုင်ငံကိုကာကွယ်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြကြောင်း၊ စစ်မှုထမ်းများသာမက အခြားသော ကဏ္ဍအသီးသီးမှာလည်း နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ အာဏာတည်စေခဲ့သည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ ဗဟိုအဖွဲ့မှ အတည်ပြုခန့်အပ်ပေးလျက်ရှိသည့် အခြေအနေများ၊ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသူများကိုလည်း စစ်ပညာများကို စနစ်တကျ သင်ကြားပေးလျက်ရှိပြီး အဆိုပါပညာရပ်များဖြင့် အဖျက်သမားများရန်မှ ကာကွယ်သွားကြရမည့် အခြေအနေများ၊ တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့များသို့ ရောက်ရှိတာဝန်ထမ်းဆောင်ရာတွင်လည်း ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို စစ်သည်တော်ကောင်းတစ်ဦး ပီသစွာ လိုက်နာနေထိုင်သွားရန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေထိုင်သွားရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန် လိုအပ်သည့် အခြေအနေများ၊ သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် စစ်ပညာများကို စနစ်တကျ လေ့ကျင့်သင်ကြားသွားရန်၊ စစ်မြေပြင်တွင် ထိထိရောက်ရောက် အသုံးချရန်နှင့် စည်းကမ်းတကျ လိုက်နာနေထိုင်သွားကြရန် လိုအပ်သည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကား ပြောကြားရာတွင် ယနေ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြရတော့မည့် သင်တန်းဆင်းစစ်သည်တော်များနှင့် စစ်သည်တော်လောင်းများဖြစ်ရန် သင်တန်းတက်ရောက်နေသည့် သင်တန်းသားများအားလုံးတို့သည် နိုင်ငံ့သားကောင်းရတနာများဖြစ်ကြောင်း၊ သစ္စာ (၄) ချက်အား နေ့စဉ်ရွတ်ဆိုရသည့် နိုင်ငံတော်နှင့် တပ်မတော်အပေါ်၊ မိမိရဲဘော်ရဲဘက်အချင်းချင်းအပေါ်နှင့် မိမိမိသားစုဝင်များအတွက် ကတိသစ္စာပြု စောင့်ထိန်းကြသူများဖြစ်ကြ၍ မိမိကိုယ်ကိုမိမိ ဂုဏ်ယူကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အလံကို မိမိလက်နှင့် ကိုယ်တိုင်ထိတွေ့ပြီး သစ္စာ (၄) ချက်ကို ရွတ်ဆိုထားသူများဖြစ်သည့်အတွက် ၎င်းသစ္စာ (၄) ချက်အပေါ်တွင် သစ္စာစောင့်သိ၊ သစ္စာရှိရန်လိုကြောင်း၊ မိမိနိုင်ငံအပေါ်၊ မိမိနိုင်ငံသားများအပေါ်၊ မိမိတပ်မတော်သားများအပေါ်တွင် သစ္စာစောင့်သိသွားကြရန်လိုကြောင်း၊ ထို့အပြင် စစ်သည်အချင်းချင်းအပေါ်တွင်လည်း ရဲဘော်စိတ်ထားရှိရန်လိုကြောင်း၊ “ရဲဘော်စိတ်” ဆိုသည်မှာ ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားများဖြစ်၍ သေအတူရှင်မကွာ ဆိုသည့်စိတ်၊ သာအတူနာအတူ ဆိုသည့် စိတ်ထားခံယူချက်များ ထားရှိသွားရန် လိုအပ်ကြောင်း။
ထိရောက်စွာ အသုံးချသွားရန်လို
ပြည်သူ့စစ်မှုထမ်းဥပဒေအရဖြစ်စေ၊ မိမိစိတ်ဆန္ဒအရဖြစ်စေ တပ်မတော်တွင်းသို့ ဝင်ရောက်လာကြသူများအား တပ်မတော်၌ စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် သိသင့်သိထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် စစ်ပညာရပ်များကို အခြေခံမှစ၍ လိုအပ်သလို စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားသော စစ်ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို စနစ်တကျ အသုံးချသွားရန်လိုကြောင်း၊ အခြေခံစစ်အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးရာတွင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုသည် အရေးကြီးကြောင်း၊ အမိန့်နာခံမှုရှိမှသာ အထက်မှပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် တိကျအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးသည့် စစ်ပညာရပ်များအပေါ် အသေးအဖွဲဟူ၍ သဘောမထားဘဲ အလေ့အကျင့်မှ အလေ့အထဖြစ်သည်အထိ စွဲမြဲစွာ လုပ်ဆောင်သွားကြရန်လိုကြောင်းနှင့် လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို တာဝန်ထမ်းဆောင်ရာတွင် လက်တွေ့ကျကျ ထိရောက်စွာ အသုံးချသွားရန်လိုကြောင်း။
ခေတ်ကာလအဆက်ဆက် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လျက်ရှိကြသည့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏ စိတ်ဆန္ဒများဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ အရပ်သားဘဝ အလွှာပေါင်းစုံမှ တပ်မတော်အတွင်းသို့ ဝင်ရောက်လာကြသူများဖြစ်သော်လည်း ယခုအခါ တူညီသော အစိမ်းရောင်ယူနီဖောင်းဝတ်ဆင်၍ စစ်ပညာရပ်များကို အတူတူစုပေါင်း၍ သင်ကြားလေ့ကျင့်ပြီးသူများဖြစ်သည့်အတွက် အရောင်အသွေးတူ၊ အတွေးအမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်တူညီသူများ ဖြစ်လာကြပြီးဖြစ်၍ နောင်တော် တပ်မတော်သားများနှင့် လက်တွဲကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်သွားကြရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းများ၊ မိသားစုက လေးစားတန်ဖိုးထားရသည့် ပြည်သူ့သားကောင်းများအဖြစ် ကြိုးစားနေထိုင်သွားကြရန်လိုကြောင်း။
နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လို
တပ်မတော်သားဘဝကို ရရှိခံယူထားကြပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်းရတနာများဖြစ်ကြောင်း၊ “ Once a Soldier, always a Soldier ” ဆိုသည်နှင့်အညီ တစ်ကြိမ်စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များ ခံယူထားရမည်ဖြစ်ပြီး အဆိုပါစိတ်သည် တပ်မတော်သားများ၏ မွန်မြတ်သည့် ခံယူချက်စိတ်ထားဖြစ်ကြောင်း၊ တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းလိုက်နာပြီး နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း။
နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင် ထိန်းသိမ်းနိုင်သည်မှာ ကျစ်လျစ်ခိုင်မာ အင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ်ရှိနေ ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာနေရန် အထူးလိုအပ်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပ အဖျက်သမားအင်အားစုများသည် တပ်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားစေရန်ရည်ရွယ်၍ နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေချိန်ဖြစ်၍ မိမိတို့အနေဖြင့် ကျောချင်းကပ်၊ ရင်ချင်းအပ်သည့်စည်းလုံး ညီညွတ်မှုရှိရေးသည် အသက်တမျှအရေးကြီးကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမည့်တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ သင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းဆင်း နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် တပ်ရင်း/ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြရာ ပေးအပ်သည့် တာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် နိုင်ငံတော်မှ ချီးမြှင့်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိလာခဲ့ကြသည်ကိုလည်း ဂုဏ်ယူဖွယ်ရာ တွေ့ရှိရကြောင်း။
စစ်သည်တော်ကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံသွားရန်လိုအပ်
ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့တပ်မတော်သားတစ်ဦးချင်းသည် မည်မျှပင် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ချင်သည်ဖြစ်ပါစေ ကျန်းမာရေး ချို့ယွင်းချက် ရှိမည်ဆိုပါက မည်သို့မျှ လုပ်ကိုင်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အတွက် ကျန်းမာရေးကောင်းမွန်ရန် အထူးပင်အရေးကြီးကြောင်း၊ မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်မှုရှိအောင် စနစ်တကျ နေထိုင်စားသောက်သွားရန်လိုကြောင်း၊ သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာကို အမြဲမပြတ် လေ့ကျင့်လိုက်နာပြီး ကောင်းစွာအသုံးချသွားကြရန်နှင့် နိုင်ငံတော်၊ တပ်မတော်နှင့် မိမိမိသားစုက ဂုဏ်ယူတန်ဖိုးထားရသည့် နိုင်ငံ့သားကောင်း စစ်သည်တော်ကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံသွားရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


