နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ ဥပစာ ရင်ပြင်၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူစိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုကြီး ထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝ ရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ရေး၊ တိုင်းရင်းသား ပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ရေးဟူသည့် အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ဖြင့် အနှစ်သာရ ပြည့်ဝစွာကျင်းပခြင်း ဖြစ်သည်။

လွှင့်တင်
ဦးစွာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် ၅ နာရီခွဲတွင်ကျင်းပရာ တိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို လွှင့်တင်သည်။
ထို့နောက် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားသို့ တက်ရောက်အလေးပြုကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ဖိတ်ကြား ထားသူများသည် နံနက် ၅ နာရီမှ စတင်၍ အခမ်းအနားကျင်းပ မည့် မြို့တော်ခန်းမ ဥပစာရင်ပြင် သို့ ချီတက်နေရာယူကြသည်။
နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ တပ်မတော်(ကြ ည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပသည့် မြို့တော်ခန်းမ ဥပစာရင်ပြင်ရှိ စင်မြင့်ပေါ်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် တက်ရောက်လာကြ သူများနှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား တိုင်းရင်းသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်