နေပြည်တော် ဖေဖော်ဝါရီ ၇
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် တက်ညီလက်ညီ ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးကို ရှေးရှု့၍ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်နိုင်ရန် ဖိတ်ကြားထားပါဖြစ်ကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုများကို ဆပ်ကော်မတီများအလိုက် ရှင်းလင်း ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ၂၀၂၂ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


