နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇန်နဝါရီ - ၈
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့်အညီ ကျင်းပနိုင်ရန် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအ ကြိမ်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း။
၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦး တည်ချက်(၅)ရပ်ဖြစ်သည့် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင် ဆောင်ရွက်ရေး၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ရေး ဆိုသည့် ဦးတည်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး နှစ်စဉ်ကျင်းပလျက်ရှိသည့် အခမ်းအနားဖြစ်သောကြောင့် အတွေ့အကြုံများရှိကြပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာ ကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက အခမ်းအနား၏ အတွေ့အကြုံများကို လေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရန်အတွက် ယခုနှစ်တွင် ပိုမိုကောင်းမွန်ပြည့်စုံစေရေး အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ယနေ့ကျင်းပသည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမတိုင်ခင်ကပင် ပြည်ထောင်စုနေ့ကျင်းပရေး ကော်မတီ (၇) ခုနှင့် ဆပ်ကော်မတီ (၈) ခုက ဆောင်ရွက်သင့်သည့် ကိစ္စများကို ကြိုတင် အတည်ပြုချက်၊ ညွှန်ကြားချက်များရယူပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုညှိနှိုင်းအစည်းအဝေးတွင် ကော်မတီအသီးသီးနှင့် ဆပ်ကော်မတီအသီးသီးက မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်းတင်ပြသွားကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလပြီးဆုံးသွား သော်လည်း ကိုဗစ်-၁၉ ရောဂါပိုးများသည် အနည်းနှင့်အများ ကူးစက်နိုင်သည့်အတွက် ယခုအခမ်းအနားသို့ လာရောက်ကြမည့် တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများနှင့် ဧည့်သည်တော်များအားလုံး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့် ဒို့တာဝန်အရေး (၃) ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားများ စည်လုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အဓိကထားပြီး ရည်ရွယ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ အားလုံးက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင်လည်း မိမိတို့နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ လူမျိုးစုလက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးဟူသော နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောတူ ထူထောင်ခဲ့သည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည့်အတွက် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ပြီး သေသေချာချာ တိတိကျကျ စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ယခင်အခမ်းအနားများထက်ပို၍ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခမ်းအနား အစမ်းလေ့ကျင့်ခြင်းနှင့် အခမ်းအနား ကျင်းပသည့်အခါတွင် လုံခြုံရေးတိုးမြင့် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုံခြုံရေးလျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့် ထားခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်က အလေးထား ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည့် MSME လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် မိမိပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အခြားသော ထုတ်ကုန်အမည် အမျိုးမျိုးကို ပါဝင်ပူးပေါင်းခင်းကျင်းပြသခြင်းဖြင့် မိမိတို့ထုတ်ကုန်များအား အချင်းချင်း ပညာရပ် ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ အသိပညာတိုးလျက် ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေး လာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် ထပ်မံ၍အနာဂတ်အတွက် ရည်ရွယ်ထားသော လုပ်ငန်းများအတွက် အကြံဉာဏ်အတွေးအခေါ်ကောင်းများရရှိစေခြင်း စသည့် ရည်ရွယ်ချက်များနှင့်အညီ MSME ပြခန်းများ ခင်းကျင်းပြသသင့်ပါကြောင်း၊ ပြခန်းများ လာရောက်၍ ထုတ်ကုန်ပစ္စည်းများ လေ့လာဝယ်ယူအားပေးစဉ် ပြခန်းများနှင့်တွဲလျက် ဒေသအစား အစာများ နှစ်သက်ရာစားသုံးနိုင်ရန်နှင့် ဖျော်ဖြေရေးကဏ္ဍများတွဲလျက် ဆောင်ရွက်ပါက ပို၍ ကောင်းမွန်သော အစီအမံများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ပြပွဲမှတဆင့် နိုင်ငံ့အတွက် MSME လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန် ပစ္စည်းများကို ကောင်းသော ယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့် အမယ်သစ် အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်စေပြီး MSME လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက် ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို တိတိကျကျ ဆောင်ရွက် သွားကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း အခမ်းအနား ကျင်းပနေစဉ်အတွင် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါကလည်း အချိန်နှင့်တစ်ပြေးညီသိရှိပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စီမံချက် ရေးဆွဲ၍ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုနေ့နှင့် ပတ်သတ်၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရေဒီယို၊ သတင်းစာများ၊ ရုပ်မြင် သံကြားတို့တွင် ဆွေးနွေးပွဲစကားဝိုင်းများနှင့် သိသင့်သိထိုက်သည့်များကို ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ကြိုတင်ခွင့်ပြုထားသည့် ကော်မတီများနှင့် ဆပ်ကော်မတီများက မိမိတို့ လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ နေပြည်တော် ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုံခြုံရေးဆက်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ယဉ်ကျေးမှုအဖွဲ့များ ကြိုဆို နေရာချထားရေးနှင့် ဧည်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ၊ မြေစိုက် ပိုစတာများ စိုက်ထူရေး ဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင် အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး ဆပ်ကော်မတီနှင့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီတို့မှ ကော်မတီ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်