အောင်ရှင်း
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၄ဝဝ လောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရဒေသမှာ ဘိန်းစိုက်ပျိုးတဲ့ တောင်သူ ၇ဝ၃ ဦးနဲ့၊ ဘိန်းစိုက်ပျိုးဧက ၄ဝဝ ကျော် ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကို အွန်လိုင်းသတင်းမီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒီလိုဖမ်းဆီးတဲ့နေရာမှာ ဒေသတွင်း ဘိန်းစိုက်ပျိုးခွင့်ပြုထားတဲ့ တောင်ပေါ်ရွာသူကြီး ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါက အိန္ဒိယနိုင်ငံ၊ မဏိပူရအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုကို မတားဆီး ဘဲ ဆက်စပ်လုပ်ကိုင်နေတဲ့ အာဏာပိုင်တွေကိုပါ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ သတင်းစကားကို ပေးလိုက်တာလို့လည်း သဘောပေါက်မိပါတယ်။
ဒီသတင်းနဲ့ ဆက်စပ်ပြီး ပြောထားတာက တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံနယ်စပ်က “ရွှေတြိဂံ” ဒေသက တရားမဝင်မူးယစ်ဆေးဝါးတွေကလည်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသကို ဝင်ရောက်နေတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့နိုင်ငံအတွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်မူးယစ်ဆေးဝါးတွေ မရောက်ရှိအောင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းတွေကို အစိုးရအဆက်ဆက် စီမံကိန်းတွေချမှတ်ပြီး အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းမှု သမိုင်းကြောင်း
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ချင်းဝိသေသတိုင်းအက်ဥပဒေနဲ့ ဒီဒေသမှာရှိတဲ့ ဘိန်းနဲ့ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲရောင်းချမှုတွေကို တားမြစ်ခဲ့ပါတယ်။ ၁၉၅ဝ ပြည့် နှစ်မှာလည်း ဘိန်းခင်းနှိမ်နင်းရေး အက်ဥပဒေကို ပြဋ္ဌာန်းပြီး ဘိန်းစိုက်ပျိုးမှုနှိမ်နင်းရေးကို အရှိန် အဟုန်မြှင့်တင်ခဲ့ပါတယ်။ ၁၉၄၆ ကနေ ၁၉၆ဝ ကျော်ကာလတွေအထိ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူကူမင်တန်တပ်တွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ် မှုတွေကိုလည်း စစ်ဆင်ရေးမျိုးစုံနဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ရပါတယ်။
တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူတို့ ပူးပေါင်းလက်တွဲမှုနဲ့ ၁၉၇၅ ခုနှစ် စက်တင်ဘာလမှ ၁၉၈၈ ခုနှစ် ဧပြီလအထိ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေးနှင့် အောင်မိုးဟိန်း စစ်ဆင်ရေးတွေနဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့ အထိဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး အထူးစစ်ဆင်ရေး ၂၈ ခု ဆောင်ရွက်ခဲ့ပြီး ထူးခြားတဲ့ စစ်ဆင်ရေးတစ်ခုကတော့ MoU နိုင်ငံ (၆) နိုင်ငံတစ်ပြိုင်တည်း၊ တစ်ချိန်တည်း ဆောင်ရွက်ခဲ့တဲ့ “ Operation 1511” စစ်ဆင်ရေးပဲဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကတော့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့တို့ပူးပေါင်းပြီး အချိန်တိုအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ သန်းကျော်၊ အိုက်စ် ၅ဝ၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ် ၄၁၄ ဘီလီယံကျော်ဖိုး စံချိန်တင်ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအဖြစ် ဂုဏ်ယူစွာတွေ့မြင်ရမှာ ဖြစ်ပါ တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကြောင့် ၂ဝ၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွေကို ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး သုံးနေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဘိန်းကီလို ၃၈၇ဝ ကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ကီလို ၁၄ဝ၈ဝ ကျော်၊ ဆေး ခြောက် ၇၃၉ ကီလိုကျော်၊ ကတ်တမင်း ၂၈၉ ကီလို ကျော်၊ ကဖင်း ၁၂ တန်ခွဲကျော်အပါအဝင် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁ဝ၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၆ဝ တို့ကို ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။
၂ဝ၂၂ ခုနှစ်မှာလည်း မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း ဘိန်း ၂၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄ဝ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်း ကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂ဝ၅ ကီလိုကျော်၊ ဆေးခြောက် ၇ဝ၉ ကီလိုကျော်၊ ကတ်တမင်း ၂ဝ၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန် ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၄၂ ဒသမ ၆ဝ သန်းကျော်) တို့ကို ဖျက်ဆီးနိုင်ခဲ့တာကို တွေ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်းတွေအပြင် နှစ်အလိုက် ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို အတိအကျ စာရင်းဇယားနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ထိုစာရင်း ဇယားများကို လေ့လာသုံးသပ်ရာတွင်၂ဝ၂၂ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ် ပစ္စည်းများရဲ့တန်ဖိုးက ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ပိုမိုဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်တွေဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု
မူးယစ်ဆေးဝါးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခေတ်အဆက်ဆက်သော နိုင်ငံတော် အစိုးရများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း(၃)ခုကို အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေများပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ အစည်းများ ဖွဲ့စည်းခြင်းနဲ့ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ မူးယစ်ဗဟိုအဖွဲ့ကိုလည်း အဖွဲ့ဝင် (၁၆) ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး တာဝန်ပေးအပ်ထားပါတယ်။ မူးယစ် ဗဟိုအဖွဲ့အနေနဲ့ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်းအဝေးရဲ့ လုပ်ငန်းအကြံပြုချက်များကို အခြေခံတဲ့ အမျိုးသားမူးယစ်ဆေးဝါးထိန်း ချုပ်ရေးမူဝါဒသစ်တစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင် ဆောင်ရွက်လျက်ရှိပြီး အာဆီယံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး (AMMD)၊ မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့် မြင့်အရာရှိကြီးများ အစည်းအဝေး (ASOD)၊ အာဆီယံလေကြောင်း ကြားဖြတ်စစ်ဆေးရေးတပ်ဖွဲ့အစည်းအဝေး (AAITF)၊ အာဆီယံပင်လယ် ဆိပ်ကမ်းတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ အစည်းအဝေး (ASITF)နဲ့ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြည့်စစ်ဆေးရေးကွန်ရက်အစည်းအဝေး (ADMN)တို့မှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
အာဆီယံအဖွဲ့မှ ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးဆန့်ကျင် ရေး အာဆီယံလုပ်ငန်းစီမံချက် ၂ဝ၁၆-၂ဝ၂၅ (ASEAN Work Plan 2016-2025)၊ ရွှေတြိဂံဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအား တိုက်ဖျက်ရေး အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးစီမံချက် (၂ဝ၁၇-၂ဝ၁၉) (ASEAN Cooperation Plan 2017-2019) တွေအပြင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဘင်းမ်စတက်ဒေသအတွင်း အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးဆိုင်ရာ ပထမအကြိမ်အစည်းအဝေးမှ လုပ်ငန်း ခွဲဝေမှုတွေအရ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းခွဲအုပ်စုကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ Sub-Group ၏ ဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘင်းမ် စတက်ကိုယ်စား BIMSTEC Annual Drug Report ကိုလည်း ထုတ်ဝေ ဆောင်ရွက်လျက်ရှိပါတယ်။
ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)၊ အမေရိကန်မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့နှင့် နည်းပညာ၊ ပစ္စည်းကိရိယာအကူအညီများရယူခြင်း၊ မူးယစ် ဆေးဝါးဆိုင်ရာသတင်းဖလှယ်ခြင်းတို့ကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ထူးခြားဖြစ်စဉ်များ
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ဖြန့်ဖြူးရောင်းချမှုတွေရဲ့ ရာနှုန်း ပြည့်နီးပါးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့နဲ့ ဆက်စပ်နေပါတယ်။ ၂ဝ၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအကူးအပြောင်းကာလ နောက်ပိုင်းမှာလည်း အကြမ်းဖက်သမား NUG/PDF တွေနဲ့ မူးယစ်ဆေးဝါးကလည်း ဆက်စပ်လာပြန်ပါတယ်။ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမား ရာနှုန်းပြည့်နီးပါး က မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို တစ်နည်းနည်းနဲ့ သုံးစွဲထားကြောင်းလည်း သိရှိရပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအချို့ရှိတဲ့ ဒေသတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေအပြင် အခြားစိတ်ကိုပြောင်းလဲ စေတဲ့ အက်ဖီတမင်း၊ အိုက်စ်၊ ကတ်တမင်း၊ Happy၊ Water ၊ Phensedyl ၊ Erimin-5 ဆေးပြား၊ ဇိုလမ် ဆေးပြား၊ ဆူဒိုအက်ဖီဒရင်းဆေးပြား၊ အက်တက်စီ ဆေးပြားများပြုလုပ်နေတဲ့ အခြေခံဓာတုပစ္စည်းများနဲ့ အက်စစ်ပြင်းများအပါအဝင် အခြားဆက်စပ်ပစ္စည်းများကိုလည်း မိမိနိုင်ငံအတွင်းက ရရှိတဲ့သတင်းတွေအပြင် အိမ်နီးချင်းနိုင်ငံ များနဲ့ ပူးပေါင်းဆောင်ရွက်ပြီးရရှိတဲ့ သတင်းတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးအရေးယူလျက် ရှိပါတယ်။ ထူးခြားဖြစ်စဉ်များအနေနဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေထဲက တချို့ကို တင်ပြပေးလိုက်ပါတယ်။
ဒီလိုဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေနဲ့ စာရင်းဇယား အချက်အလက်တွေကိုလေ့လာကြည့်ရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် အခြားသော တားဆီး နှိမ်နင်းရေး မိတ်ဖက်အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ပါ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက် ရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ စွမ်းဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းမှုသမိုင်းမှာ ကမ္ပည်းတင်ကျန်ရစ်ခဲ့မှာဖြစ်တဲ့အကြောင်း မှတ်တမ်းပြုရေးသား လိုက်ရပါတယ်။
မှတ်ချက်။ https://infosheet.org.mm/mm/node/4199 တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် လအလိုက် စာရင်းအသေးစိတ်ကို ဖတ်ရှုနိုင် ပါသည်။