နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ 
သဘောထားထုတ်ပြန်ချက်
ရက်စွဲ ။           ။  ၂၆-၄-၂၀၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၂-၄-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအားလုံးကို ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပါသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ငြိမ်းချမ်းရေးမိန့်ခွန်းတွင် ၇၅ နှစ် ကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရသေးတာကို လက်ရှိ ပကတိဖြစ်ရပ်များက ပြဆိုနေကြောင်း၊ အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာ အခြေခံပြီး  ဖြစ်ပေါ်လာခဲ့တဲ့  တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ကြောင်း၊  ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့ အနှစ်သာရ၊ လွတ်လပ်ရရေးရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာ တွင်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေဖြင့်   ကိုယ်တိုင်တက်ရောက်ရန်နှင့် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် တွေ့ဆုံမည်ဖြစ်ပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားမည်ဟူသော ဖိတ်ခေါ်မှု မျိုးဖြင့် ဖိတ်ခေါ်ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ထိုကဲ့သို့    ဖိတ်ခေါ်ခဲ့သော    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုသည် အပြုသဘောဆန်သော ဖိတ်ခေါ်မှုဖြစ်သည့်အတွက် ကြိုဆိုထောက်ခံရမည်ဖြစ်ပါသည်။  တိုင်းရင်းသားလက်နက်ကိုင်  ခေါင်းဆောင်များအနေဖြင့်လည်း ရိုးသားပွင့်လင်းစွာ  ပြည်သူ့အကျိုးကိုရှေးရှု၍  လက်နက်ကိုင်ပဋိပက္ခများကြောင့်  အဘက်ဘက်မှ နိမ့်ကျနေသော တိုင်းပြည်အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ငြိမ်းချမ်းရေးမှတစ်ဆင့် တက်လှမ်းကြမည်ဖြစ်ရာ တိုင်းပြည်၏ အဓိက လိုအပ်ချက်ဖြစ်သော “ငြိမ်းချမ်းရေးရရှိဖို့ ရိုးသားပွင့်လင်း စွာ ဆွေးနွေးအဖြေရှာကြရန်” အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်။