ရန်ကုန် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တာဝန်ရှိသူများနှင့်အတူ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ ကျန်းမာရေးအရ ကိုယ်တိုင် တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသော ဘွဲ့ခံပုဂ္ဂိုလ်ထံ ယနေ့နံနက်ပိုင်းတွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဖြစ်သည့် သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ကာယကံရှင် နေအိမ်သို့ သွားရောက်ချီးမြှင့်အပ်နှင်းသည်။
ဦးစွာ မရမ်းကုန်းမြို့နယ်နေ ဘွဲ့ခံပုဂ္ဂိုလ်၏နေအိမ် သို့သွားရောက်၍ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တိုင်းဒေသ ကြီးဝန်ကြီးများက ပေးအပ်ချီးမြှင့်ရာ ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်ခင်စောနှင်းက လက်ခံရယူသည်။
ထို့နောက် ဒေါ်ခင်စောနှင်း မိသားစုက ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ၅၀-၅၅ ကီလိုတန်း အမျိုးသမီး (ဓား-၂) အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဒလမြို့နယ် အသင်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အသင်း တို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး၍ ဆုချီးမြှင့်ပွဲ တွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် နာယကက ၅၀-၅၅ ကီလိုတန်း အမျိုးသမီး(ဓား-၂) အတိုက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယ(ပူးတွဲ) ဆုရရှိသူများ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ သိုင်းဆပ်ကော်မတီဥက္ကဋ္ဌက ၅၃- ၅၇ ကီလိုတန်း အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယ ဆုနှင့်တတိယ(ပူးတွဲ) ဆုရရှိသူများကို လည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လက်ထောက်နည်းပြအဆင့် အမျိုးသမီး(ဓား-၂)လက်ပြိုင်ပွဲ၊ လက်ထောက်နည်းပြအဆင့် အမျိုးသား(ဓား-၂)လက်ပြိုင်ပွဲ၊ လက်ထောက် နည်းပြအဆင့် အမျိုးသမီး တုတ်ရှည်ပြိုင်ပွဲ၊ လက်ထောက်နည်းပြအဆင့် အမျိုးသား တုတ်ရှည် ပြိုင်ပွဲနှင့် ခွဲမှူးအဆင့် အမျိုးသား လှံရှည်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို လည်းကောင်း၊ အမျိုးသမီးအကောင်ဆုံးဆု၊ အမျိုးသား အကောင်ဆုံးဆုရရှိသူများကို လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုဖလားနှင့် အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသော အသင်းများကို လည်းကောင်း တစ်ဦးချင်းဆု တံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွဲထက်ကို(ပြန်/ဆက်)