နေပြည်တော် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ရဲရဲဝံ့ဝံ့နှင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံ ဆိပ်ကို ပဲခူးခရိုင်မှ (၇)ဦး၊ ညောင်လေးပင် ခရိုင်မှ (၉)ဦး၊ တောင်ငူခရိုင်မှ (၁၀)ဦး၊ ပြည်ခရိုင်မှ (၂)ဦး၊ နတ်တလင်းခရိုင်မှ (၉)ဦး၊ သာယာဝတီခရိုင်မှ (၈)ဦး၊ စုစုပေါင်း (၄၅)ဦးရရှိကြရာ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ဖြစ်သည့် ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင် နှင့် တောင်ငူခရိုင်တို့မှ စုစုပေါင်း (၂၆)ဦး ရဲဗလတံဆိပ်ချီးမြှင့် အပ်နှင်းခံရကြောင်း သိရသည်။
အဆိုပါ ရဲဗလဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ပဲခူးမြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ် ချီးမြှင့်ခံရသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်း တစ်ဦး၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရှစ်ဦးနှင့် ရာအိမ်မှူး (၁၆) ဦး၊ စုစုပေါင်း (၂၆) ဦးတို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်ဘက် မုခ်အနီး တန်ဆောင်တိုင်ပွဲတော် ကျင်းပမည့် SMSE အရောင်းပြခန်းများ ခင်းကျင်းပြသနိုင်ရေး စီစဉ်ထားရှိမှုနှင့် စတုဒိသာ ကျွေးမွေးမည့် မဏ္ဍပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်