နေပြည်တော်၊ အောက်တိုဘာ  ၂၃

 

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ ညီလာခံ ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေး မှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ် အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအက အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိကြသည့် အကဲဖြတ်အနုပညာရှင်ကြီး ၁၈၀ ဦး၊ ပြိုင်ပွဲဝင်အနုပညာရှင် ,၅၈၄ ဦးတို့က တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ဆင်နွှဲခဲ့ကြသည့် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အနှစ်သာရရှိရှိဖြင့် ခမ်းနား သိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း။

 

ယခုကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် ပြိုင်ပွဲ ကာလရက်သတ္တတစ်ပတ်မျှသာ ကြာမြင့်ခဲ့သော်လည်း ပြိုင်ပွဲကြီးမှနေ၍ အမျိုးသားရေးအနှစ်သာရနှင့် အဓိပ္ပာယ်များစွာကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ တိုတောင်းလှသည့်ကာလအတွင်း၌ မြန်မာ့အနုသုခုမ၏ ယဉ်ကျေးသိမ်မွေ့သည့် ပညာအဆီအနှစ်များ၊ မြန်မာ့ဓလေ့စရိုက် ထုံးတမ်းစဉ်လာများနှင့် မြန်မာ့လူမှုအဖွဲ့ အစည်း၏ တွေးခေါ်မြော်မြင်မှု အခြေခံသဘောတရားများကို မြန်မာ့အနုပညာစွမ်းအားများဖြင့် ပီပီပြင်ပြင် ဖော်ညွှန်းပြသနိုင်ခဲ့ခြင်းသည် မြန်မာလူမျိုးတိုင်းအတွက် ဂုဏ်ယူဝင့်ကြွား ဖွယ်ရာဖြစ်ကြောင်း။

 

မိမိတို့မြန်မာလူမျိုးများသည် သမိုင်းအဆက်ဆက်တွင် ယဉ်ကျေးမှုအနုပညာရပ်များကို ဖျော်ဖြေရေးသက်သက် အဖြစ်သာ ရှုမြင်ခံစားခဲ့ကြခြင်းမဟုတ်ဘဲ လူမှုဖွံ့ဖြိုးမှုကို တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အမျိုးသားရေး အမွေအနှစ်များအဖြစ် အလေးထားပြီး အမြတ်တနိုးထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင်လာခဲ့ကြခြင်း ဖြစ်ကြောင်း။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ရုပ်သေးသဘင်နှင့် ဇာတ်တော်ကြီး ယှဉ်ပြိုင် တင်ဆက်မှုများသည် အစဉ်အလာကြီးမားပြီး ခမ်းနားထည်ဝါခဲ့သည့် မြန်မာ့ရုပ်သေးသဘင်နှင့် ဇာတ်သဘင် တို့၏ တန်ဖိုးနှင့်အနှစ်သာရပေါ်လွင်အောင် ကြိုးစားဖော်ထုတ်ယှဉ်ပြိုင် တင်ဆက်နိုင်ခဲ့ကြသည်ကို အားရကျေနပ် ဖွယ်တွေ့မြင်ရကြောင်း။

 

အထူးသဖြင့် ရှေးခေတ်ဂီတစာဆိုကြီးများ သီကုံးစပ်ဆိုခဲ့သည့်တေးဂီတနှင့်သီချင်း များကို မျိုးဆက်သစ်လူငယ် များက စိတ်အားထက်သန်စွာ သီဆိုတီးမှုတ်နေကြသည်ကို တွေ့မြင်ကြားသိရခြင်းသည် အမျိုးသားရေး အားမာန် တက်ကြွစေသည့် မြင်ကွင်းများပင် ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို နှစ်စဉ်မပြတ် တစ်ဆင့်ပြီးတစ်ဆင့် အရည်အသွေးနှင့် အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာအောင် စနစ်တကျ စီမံအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း ယခုအခါ မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များ၏ စွမ်းရည်နှင့် တန်ဖိုးကို မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်မျိုးသားလုံး၏ ရင်ထဲ၌စွဲထင်ကိန်းအောင်းလာစေခဲ့ပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများကို တတ်နိုင်သည့်ဘက်က မြှင့်တင်ပေးနိုင်ခဲ့ပြီဟု ဆိုနိုင်မည်ဖြစ်ကြောင်း။

 

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture) အမျိုးသားရေး စိတ်ဓာတ်(National Spirit)နှင့် တန်ဖိုးထားမှုစနစ် (Value System)များသည် ဒေသ တစ်ခု၏ အချုပ်အနှောင်မဲ့ တိုးတက်မှု (Independent Development)အတွက် လွန်စွာအရေးပါသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှ ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ကြရမည်ဖြစ်ပြီး အန္တရာယ်ရှိသည်ကို သတိထားကြရမည်ဖြစ်ကြောင်း။

 

ထို့ကြောင့် အဆိုပါအန္တရာယ်များကို ထိထိရောက်ရောက် ခုခံတွန်းလှန်နိုင်မည့် မျက်နှာစာတစ်ခုဖြစ်သည့် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်မှ မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များကို ဆက်လက်ပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၏အနာဂတ်ကို အမျိုးသားရေး အကျိုးစီးပွားဖြစ်ထွန်းနိုင်မှု လမ်းကြောင်းမှန်ပေါ် တည့်မတ်မြဲမြံ ခိုင်မာစွာ ရပ်တည်နိုင်စေရေးအတွက် အနုပညာစွမ်းပကားဖြင့် ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားကြပါဟု အနုပညာရှင်ကြီးများနှင့်အတူ မျိုးဆက်သစ်အနုပညာရှင်များအားလုံးကို အလေးထားတိုက်တွန်း မှာကြားလိုကြောင်း။

သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အနုပညာရှင်များအားလုံးကို မှာကြားလိုသည်မှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး နိုင်ငံတကာအလယ်တွင် ဝင့်ဝင့်ထည်ထည်နှင့် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက် ရှင်သန်ထွန်းကားနေအောင် စွမ်းဆောင်ပေးကြရန်၊ နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည် ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် အစဉ်ထာဝရနိုးကြား ရှင်သန်နေစေရန် အနုပညာစွမ်းပကားဖြင့် ပူးပေါင်းပါဝင်ပေးကြရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်စေရန် မြန်မာလူမျိုးတို့၏ သမိုင်းအစဉ်အလာကြီးမားမှု၊ မျိုးရိုးဂုဏ်ရှိန်ထည်ဝါမှု၊ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုနှင့် ယဉ်ကျေး သိမ်မွေ့သည့် မြန်မာ့ဂုဏ်ရည်များကို မျိုးဆက်သစ်လူငယ်များအတွင်း စိမ့်ဝင်ပျံ့နှံ့နေပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများ မြင့်မားလာအောင် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြရန်  တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ အကအဖွဲ့များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကျေးလက်ရိုးရာယဉ်ကျေးမှုအဖွဲ့များကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။

 

ယင်းနောက် ရခိုင်တိုင်းရင်းသားရိုးရာတေးဂီအဖွဲ့ကတူရိယာစုံစွ ရခိုင်ဂီတတေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

 

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများကိုလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်က မဟာဂီတအဆိုပြိုင်ပွဲ(အမျိုးသမီး)တွင် ဝါသနာရှင် (ပထမတန်း) အဆင့်၌ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက်  ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မဟာဂီတအဆိုပြိုင်ပွဲ(အမျိုးသား)တွင် ဝါသနာရှင်(ပထမတန်း)အဆင့်နှင့် ဝါသနာရှင်(ဒုတိယတန်း) အဆင့်တို့၌ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက မဟာဂီတအဆိုပြိုင်ပွဲ (အမျိုးသား)တွင် အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အခြေခံပညာအဆင့် (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီးနှင့် ကောင်စီဝင်များ၏ဇနီးများက မဟာဂီတအဆိုပြိုင်ပွဲ (အမျိုးသမီး)တွင် ဝါသနာရှင်(ဒုတိယတန်း)အဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အခြေခံပညာ အဆင့် (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း)ပြိုင်ပွဲများတွင် ဆုရရှိကြသူများ ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ကောင်စီဝင်များက ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲဝါသနာရှင်အဆင့်(ပထမတန်း) ဝါသနာရှင်အဆင့် (ဒုတိယတန်း) အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာရှင်အဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း) (အမျိုးသား)ပြိုင်ပွဲများတွင် ဆုရရှိကြ သူများကိုလည်းကောင်း၊ ကောင်စီဝင်များ၏ဇနီးများက ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ပထမတန်း) ဝါသနာရှင်အဆင့် (ဒုတိယတန်း) အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ ရှင် အဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း) (အမျိုးသမီး)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ကောင်စီဝင်များနှင့် ကောင်စီဝင်များ၏ဇနီးများကအမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့်(ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသား)ပြိုင်ပွဲနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ဒုတိယတန်း) နှင့် အဆင့်မြင့် ပညာအဆင့် (အမျိုးသမီး) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြ သည်။

 

ယင်းနောက် ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲအခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးကိုယ်စားပြု မသွန်းဝတီထွဋ်ကမြန်မာ့ဂီတလှပဝေဆာသီချင်းဖြင့်သီဆိုဖျော် တင်ဆက်သည်။

 

ဆက်လက်၍ ကောင်စီဝင်များနှင့် ကောင်စီဝင်များ၏ ဇနီးများက အကပြိုင်ပွဲ (အမျိုးသား)(အမျိုးသမီး)တွင် ဝါသနာရှင်အဆင့်(ပထမတန်း) ဝါသနာရှင်အဆင့်(ဒုတိယတန်း) အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အကပြိုင်ပွဲ၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပြိုင်ပွဲ၌  အသက်အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်သူ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု   မောင်ဟိန်းလင်းမာန်သွေးက ကပြဖျော်ဖြေသည်။

 

ယင်းနောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက အက၊ အရေးနှင့် အတီးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ် များနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထိုသို့ ဂုဏ်ပြုဆုများပေးအပ်စဉ် အရေးပြိုင်ပွဲတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ချီးမြှင့်ပေးအပ်အပြီး၌ အရေးပြိုင်ပွဲ၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ရွှေတံဆိပ်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ မအိန္ဒြေမြင့်မိုရ်က လူငယ်အားမာန် အမြဲရှင်သန်တေးသီချင်းဖြင့် လည်းကောင်း၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်အပြီး၌ အတီး(ဒုံမင်း)ပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)တွင် ရွှေတံဆိပ်ဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးမှ မောင်ဟိန်းထက်ပိုင်ကရွှေမင်းဂံသီချင်းဖြင့် လည်းကောင်း သီဆိုတီးခတ်ဖျော်ဖြေ တင်ဆက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အဖွဲ့များ နှင့် ကြိုးဆွဲအဖွဲ့ထူးချွန်ဆု၊ ဆိုငိုပြောအဖွဲ့ထူးချွန်ဆု၊ ပံ့ပိုးဆိုင်းအဖွဲ့ ထူးချွန်ဆုနှင့် ဇာတ်ညွှန်းထူးချွန်ဆုရရှိသူများကို  ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာဇနက ဇာတ်တော်ကြီး ပြိုင်ပွဲတွင် ပူးတွဲပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အဖွဲ့များနှင့် ဇာတ်သရုပ်ဆောင်ထူးချွန်ဆုရရှိသူများ၊ နှစ်ပါးသွားထူးချွန်ဆုနှင့် ဇာတ်ညွှန်းထူးချွန်ဆု၊ ဒါရိုက်တာထူးချွန်ဆုနှင့် ပံ့ပိုးဆိုင်းအဖွဲ့ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)