နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

 

အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေဆွေးနွေး

 

နေပြည်တော် မေ ၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် သံဃာတော်များနှင့် ဆရာ ဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည့်ပြည်သူ့ဝန်ထမ်းများ၊ မိခင်နှင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့မှု၊ အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးခြင်းများကြောင့် အစိုးရပိုင်အဆောက်အဦများ၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင် အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရမှု၊ အကြမ်းဖက်လုပ်ရပ်များအပေါ် မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ကာကွယ်တုံ့ပြန်ရေး ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ် လေးစားလိုက်နာဆောင်ရွက်လျက်ရှိမှု၊ တည်ဆဲဥပဒေ ချိုးဖောက်ထားသူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသော်လည်း လူသားချင်းစာနာ ထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု ဖြစ်ရပ်များသည် NCA ကို ချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကို လိုက်နာမှုမရှိသည့် EAO များမှ အရင်းခံ၍ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်လာရေး အစိုးရမှ တစိုက်မတ်မတ် ကတိကဝတ်ထားရှိ ဆောင်ရွက်နေမှု၊ ပြည်သူများအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကို ဆောင်ရွက်သွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ အာဆီယံမှပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဖြန့်ဝေဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေ၊ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်လာသည့်မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်က နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ရမှုသည် ပြည်တွင်းရေး အခြေအနေဖြစ်သော်လည်း ဆက်စပ်နေသည့် ဒေသတွင်းအခြေအနေများကြောင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေနှင့် မြန်မာနိုင်ငံ အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                            

 သတင်းစဉ်