နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ဩဝါဒါစရိယ၊ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးအား သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဗုဒ္ဓဘာသာ သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများ တင်ပြလျှောက်ထား
နေပြည်တော် ဒီဇင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အင်းစိန်ရွာမဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ စာသင်တိုက် ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် စာသင်သားသံဃာတော်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ အင်းစိန်ရွာမဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလောကာဘိဝံသအား ဖူးမြော်ကြည်ညိုကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးထံ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက် ရေးလုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိသည့် အခြေအနေ၊ ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးလာ မိဘပြည်သူ များဖူးမြော်ရာ၌ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော်ကြည်ညို ပူဇော်နိုင်ရေး၊ ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွား ရေး၊ ခေတ်အဆက်ဆက် မှတ်တမ်းကျန်ရှိစေရေးတို့အတွက် ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ထွင်းထုပူဇော်၍ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ စိုက်ထူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အဆိုပါ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်ကာ ပါဠိဘာသာနှင့် Romanize Language ယှဉ်တွဲ၍ စာအုပ်ရိုက်နှိပ်ထုတ်ဝေပြီး နိုင်ငံတကာရှိ ဗုဒ္ဓတက္ကသိုလ်များ၊ စာသင်တိုက်များ၊ ကျောင်းတော်ကြီးများသို့ အခမဲ့ဖြန့်ချိပေးသွားမည့် အခြေအနေ၊ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်လည်း ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဦးစွာ တင်ပြလျှောက်ထားသည်။
ဆက်လက်၍ ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး ဆေးစစ်မှုများနှင့် ကြိုတင်ကာကွယ် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် မှုများကြောင့် ကူးစက်မှုရာခိုင်နှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့သည့် အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယခုနှစ်အပြီးတွင် ဆေးထိုးနှံရန်လိုအပ်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကျော်အထိ ထိုးနှံပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ တင်ပြလျှောက်ထားသည်။
တင်ပြလျှောက်ထားမှုများအပေါ် ဆရာတော်ဘုရားကြီးက တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာသာသနာတော်ထွန်းကား ပြန့်ပွားရေးများကို လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် ဝမ်းမြောက်မိကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာတော်ကို ယခုထက်ပိုမို ထိန်းသိမ်းစောင့်ရှောက် နိုင်ပါစေကြောင်းနှင့် အခြားလိုအပ်သည်များကို ပြန်လည်မြွက်ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးထံသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက လှူဒါန်းသည့် ပရိက္ခရာ(၈)ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်တော် ၁၀၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ဆား ၁ အိတ်၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ဆရာတော်ဘုရားကြီးထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ နှင့် အဖွဲ့ဝင်များသည် အင်းစိန်ရွာမဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး အနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်