နေပြည်တော် ဖေဖော်ဝါရီ ၉
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။
ဝင်ငွေနှင့် သုံးငွေ မျှတမှုရှိစေရန် ဆောင်ရွက်ကြရမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်မီပြီးစီး အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ ဝင်ငွေနှင့် အသုံးစရိတ် မျှတမှုမရှိသည့် လုပ်ငန်းများ ရှိနေကြောင်း၊ သို့ဖြစ်၍ ဝင်ငွေနှင့် သုံးငွေ မျှတမှုရှိစေရန် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် စီမံခန့်ခွဲမှု လွဲမှားမှုများ ကြောင့် အချို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း၊ အချို့လုပ်ငန်းများသည် လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိသော်လည်း လစာငွေ ပေးချေထားရခြင်းများနှင့် ထိန်းသိမ်းမှု ကုန်ကျစရိတ်များ များစွာရှိနေကြောင်း။
ရပ်တန့်ထားသည့် စက်ရုံများသည် နိုင်ငံ့အတွက် အရှုံးများသာဖြစ် သဖြင့် ပြန်လည်လည်ပတ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အကုန်အကျအနည်းဆုံးနှင့် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်ရေးအတွက် မလိုလားအပ်ဘဲ ငွေကြေး ကုန်ကျမှုများ မဖြစ်ပေါ်စေရေး မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေ လိုကြောင်း၊ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းမရှိပါက အရေးယူခြင်း များကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ ဦးစီးခေါင်းဆောင်ရသည့် တာဝန် ရှိသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိအောင် ဆောင်ရွက်ပြီး မှန်ကန်သည့် လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်သွား ရန်လိုကြောင်း၊ မိမိတို့အား ပေးအပ်လာသည့်တာဝန်ကို မူဝါဒအားဖြင့် သိရှိဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။
လာမည့်ကာလတွင် ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် အထောက်အကူပြု နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးတွင် KG + 9 သင်ကြားပြီးမြောက်ချိန်တွင် အသက်မွေးဝမ်းကျောင်း ပညာရပ် များ ကူးပြောင်းသင်ကြားနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ အောင်မြင်သော ပညာရေးစနစ်ဖြစ်အောင် ဝိုင်းဝန်း တည်ဆောက်ပေးကြစေလိုကြောင်း။
ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်
နောင်ကျင်းပမည့် အခမ်းအနားများနှင့် ပတ်သက်၍ ဘာသာရေး၊ နိုင်ငံရေး သက်ဆိုင်ရာကဏ္ဍအလိုက် အခမ်းအနားများကို ရိုးရာအစဉ် အလာမပျက် အနှစ်သာရပြည့်ဝစွာဖြင့် ထိထိရောက်ရောက် အောင်အောင် မြင်မြင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတို့သည် ပြင်ပ ပယောဂများကြောင့် ပျောက်ပျက်သွားခြင်း များမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းကြိုးစား ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်