နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကုလား တန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စီမံကိန်း ဖြစ်ပေါ်လာသည့် အခြေအနေများနှင့် စီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းများ၊ ကုလားတန်ဆိပ်ခံတံတားဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ရုံးနှင့် ဆက်စပ် အဆောက်အဦများ တည်ဆောက်ပြီးစီးမှု၊ စက်ယန္တရားများနှင့် မြစ်တွင်းသွား သယ်ယူပို့ဆောင်ရေး ယာဉ်များရောက်ရှိမှု၊ ပလက်ဝပြည်တွင်း ရေကြောင်း ဆိပ်ကမ်းတည်ဆောက်ပြီးစီးမှု၊ ရေလမ်းကြောင်း သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပလက်ဝမှ မြန်မာ - အိန္ဒိယ နယ်စပ်အထိ အဝေးပြေးကားလမ်း ဖောက်လုပ် ရန်ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းပြီးစီးပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

အပြန်အလှန်ဆွေးနွေး

 

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပကုန်စည်စီးဆင်းမှုများကို ပိုမိုလျင်မြန်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် နှစ်နိုင်ငံကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်ကုလားတန်မြစ်ကြောင်း တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး တက်ရောက်လာကြ သူများနှင့် စီမံကိန်းဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးသည်။

 

mdn

 

လှည့်လည်ကြည့်ရှု

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုရာ စစ်တွေမြို့ဆိုင်ရာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Bibeka-nanda Bhattamishra နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည် ဆွေးနွေး မှာကြားသည်။

 

အကျိုးကျေးဇူးများရရှိ

 

အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု အခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့် သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက် အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်