နေပြည်တော် ဒီဇင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှုဆောင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဗုဒ္ဓဘာသာ အသင်းမှ ဦးဆန်းထွန်း၊ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင်၊ ခရစ်ယာန် ဘာသာအသင်းမှ ဦးမိုးဇင်၊ အစ္စလာမ်ဘာသာအသင်းမှ ဦးအောင်ဇော်ဝင်း တို့နှင့် အလုပ်အမှုဆောင်များ၊ တရုတ်ဘုံကျောင်းများမှ ကိုယ်စားလှယ် ဦးအောင်ချိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တွေ့ဆုံနှုတ်ဆက် စကားပြောကြားရာတွင် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်းအခါ အခွင့်သင့်သဖြင့် ဘာသာပေါင်းစုံအဖွဲ့အစည်းများမှ တင်ပြလိုသည့်ကိစ္စရပ်များအား သိရှိနိုင်ရန်နှင့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့်ကိစ္စရပ်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် နိုင်ငံ၏ဖြစ်ပေါ်လာသည့်အခြေအနေများအရ နိုင်ငံတော်တာဝန်များကို ခေတ္တဝင်ရောက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု ကိုလျှောက်လှမ်း နေခြင်းဖြစ်ပြီး ပြည်သူများရွေးချယ်ထားသည့် လမ်းကြောင်းဖြစ်သဖြင့် လုံးဝသွေဖယ် သွားမည်မဟုတ်ကြောင်း၊ နိုင်ငံရေးတာဝန် အားဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် မိမိတို့က ဖန်တီးဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း လွပ်လပ်၍မျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ နိုင်ငံရေးတွင်ရိုးသားမှု ရှိစေရေးနှင့် နိုင်ငံရေးအရ လက်စားချေခြင်းများမပြုလုပ်စေရေးအတွက် မိမိအနေဖြင့် အမြဲမပြတ် တိုက်တွန်းပြောကြား ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များက သမ္မတရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ သမ္မတမှတစ်ဆင့် တရားသူကြီး များ ခန့်အပ်ခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အထွေထွေရွေးကောက်ပွဲတွင် မျှတမှုရှိ စေရေးသည် နိုင်ငံအတွက် လွန်စွာအရေးကြီးခြင်းပင် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် မသမာမှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်တာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း။
မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပြည်သူများရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ယခုတက်ရောက် လာကြသည့် ဘာသာပေါင်းစုံအဖွဲ့၏ ကူညီဆောင်ရွက်မှုများလည်း လိုအပ်ကြောင်း၊ နိုင်ငံ့အရေးကိစ္စများဆောင်ရွက်ရာတွင် အားလုံးပါဝင်သောစုပေါင်းအားဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်း သဘောထား ကွဲလွဲမှုများရှိနိုင်သော်လည်း အများစု၏ ဆန္ဒသဘောထားကို လက်ခံဆောင်ရွက်ရန် လိုသကဲ့သို့ အနည်းစု၏ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဉ်းစား၍ ဆင်ခြင်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးလျှောက်လှမ်းမှုတွင် အဆင်ပြေချောမွေ့စေရန်အတွက် မိမိတို့က ဝိုင်းဝန်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင်လည်း အားလုံးပူးပေါင်း၍ ဆောင်ရွက်မည်ဆိုပါက အကောင်းဆုံး အခြေအနေဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်ကြသော်လည်း ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များနှင့် အခြားဘာသာဝင်များလည်းရှိပြီး ရှေးယခင်ကတည်းကပင် အတူတကွ စုစည်းနေထိုင်ခဲ့ကြပြီး ဘာသာတရားအလိုက် ကိုးကွယ်နေကြသည့် ဓလေ့ထုံးတမ်းစဉ်လာများပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဘာသာရေးနှင့်ပတ်သက်၍ အစွန်းရောက်မှုများမရှိအောင် အမြဲတိုက်တွန်း ပြောကြားလျက်ရှိကြောင်း၊ မိမိတို့အားလုံးသည် နိုင်ငံအတွင်း ကာလရှည်ကြာစွာ အတူတကွနေထိုင်လျက်ရှိသူများဖြစ်သဖြင့် အားလုံးက နိုင်ငံတော်အတွက် တူညီသည့်စိတ်ဖြင့် အတူတကွဆောင်ရွက်ကြရန်လို ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင်၊ အစ္စလာမ်ဘာသာအသင်းမှ ဦးအောင်ဇော်ဝင်း၊ ခရစ်ယာန်ဘာသာအသင်းမှ ဦးမိုးဇင်၊ တရုတ်ဘုံကျောင်းများမှ ကိုယ်စားလှယ် ဦးအောင်ချိုတို့က ဆွေးနွေးတင်ပြကြရာတွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ကို ယခုနှစ် စက်တင်ဘာလတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဘာသာအလိုက် ပြုလုပ်သည့် ဘာသာရေးပွဲတော်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ တွင် ကူညီထောက်ပံ့မှုများ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆက်ဆံမှုများ စသည့် ကဏ္ဍများတွင် ဘာသာပေါင်းစုံစုပေါင်း၍ နိုင်ငံသားကောင်း ပီသစွာဖြင့် တတ်စွမ်းသည့်ဘက်မှ ပူးပေါင်းကူညီဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေ၊ နိုင်ငံတော်မှ ပေးအပ်လာသည့် ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဘာသာရေးဆိုင်ရာ ပွဲတော်များကို စည်းကမ်းစနစ်တကျဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အခြေအနေ၊ နိုင်ငံ အတွင်း မည်သည့်ဘာသာတရားကို ကိုးကွယ်သည်ဖြစ်စေ ဘာသာရေးအရ လုံခြုံမှု၊ ရိုသေမှုများကို ဖော်ဆောင်ပေးနိုင်ရေး ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည့်ခြင်းဖြစ်သည့်အတွက် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြား နတ်ကိုး ကွယ်မှုများကိုလည်း ကိုးကွယ်ရာဘာသာဟူ၍ အသိအမှတ်ပြုသည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံ တို့၏ လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ရှိပါကြောင်းဖြင့် ပြောကြားပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့မှုနှင့် လိုအပ်ချက်များ တင်ပြထားရှိမှုကိုလည်း ကဏ္ဍများအလိုက် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင်၊ အစ္စလာမ်ဘာသာ အသင်းမှ ဦးအောင်ဇော်ဝင်း၊ ခရစ်ယာန်ဘာသာအသင်းမှ ဦးမိုးဇင်၊ တရုတ်ဘုံကျောင်းများမှ ကိုယ်စားလှယ် ဦးအောင်ချိုတို့က လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားမှုများနှင့် ပတ်သက်၍ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်တွင်း၏ စည်းလုံးညီညွတ်မှုအားသည် အခိုင်အမာဆုံးဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့် ပြည်တွင်း စီးပွားရေးကိုအားပေးပြီး ပြည်သူများ၏ လူမှုဘဝတိုးတက်ရေးအတွက် အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ဘာသာအားလုံး၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့ပင် ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု မရှိပါက အခက်အခဲများနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ သာယာဝပြောခြင်းမှာ ပြည်သူများ၏ လူမှုဘဝတိုးတက်မှု ရှိရန်ပင်ဖြစ်ပြီး ငြိမ်းချမ်းမှုရှိသည့် နိုင်ငံအားလုံးသည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အဆိုပါ နိုင်ငံများအားလုံးတွင် ပြည်သူများသည် လူမှုစီးပွားဘဝတိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အားလုံးတူညီသည့် စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ထိခိုက်မှုနည်းပါး ခဲ့သော်လည်း တတိယလှိုင်းဖြစ်ပေါ်ခဲ့ချိန်တွင် ရောဂါကူးစက်မှုနှုန်း မြန်ဆန်၍ ဖြစ်ပွားမှုမြင့်တက်ခဲ့သဖြင့် ထိခိုက်ဆုံးရှုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ရောဂါကူးစက်မှုနှုန်းများ မြင့်တက်ခဲ့ချိန်၌ “ပြည်တွင်း၏အားသည် ပြည်တွင်း မှာသာရှိသည်” ဆိုသည့်အတိုင်း ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုရေး ဆိုင်ရာအဖွဲ့အစည်းများက မိမိတို့ဆောင် ရွက်နိုင်သည့် လမ်းကြောင်းများမှရရာ နည်းလမ်းများဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့မှုများ၊ မှန်ကန်သည့် ဦးဆောင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် အခက်အခဲများကြားမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ယခုအချိန်တွင် များစွာလျော့နည်းလာ ခဲ့ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာခြင်းဖြစ် သည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ ရောဂါကူးစက်မှုကြောင့် ကမ္ဘာ ပေါ်ရှိနိုင်ငံများအားလုံး စီးပွာရေးဆိုင်ရာထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ ယန္တရားများ တုံ့ဆိုင်းသွားခဲ့ရကြောင်း၊ အလားတူ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုအပ်သည့် ဆေးဝါးပစ္စည်းများဝယ်ယူရေးအတွက်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေများ များစွာသုံးစွဲရကြောင်း၊ ပြည်သူများ၏အသက် ထိခိုက်ဆုံးရှုံးမှုများ နည်းပါးစေရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေများအား ခွင့်ပြုပေးလျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းများ ကျဆင်းသွားသည့်အတွက် နိုင်ငံတော်၏ တုံ့ဆိုင်းသွားသည့် ယန္တရားများပြန်လည် လည်ပတ်နိုင်ရန်လိုကြောင်း၊ ယခုဘာသာ ပေါင်းစုံအဖွဲ့ကြီးအနေဖြင့် အရေးပါသည့်ကဏ္ဍတွင် ပါဝင်၍ နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင် အားတစ်ခုအဖြစ် ဆောင်ရွက်သွားနိုင်ပါကြောင်း၊ အားလုံးညီညီညွတ်ညွတ်ဖြင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အလုပ်လုပ်ရန် လိုအပ်ပြီး နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးရမည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ် လုပ်ငန်းများဆောင်ရွက်ရာတွင် အသိပညာ အတတ်ပညာများဖြင့် ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများပိုမို အောင်မြင် လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်ရှိ လုပ်ငန်းဆောင်ရွက်နေသူများအား တိုက်တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ လူငယ်များစီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သည့် အတတ်ပညာများ ရရှိအောင် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ အခြေခံပညာဖြစ်သည့် အတန်းပညာများ ကိုလည်း တတ်ကျွမ်းအောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ တိုးတက်ကြီးပွားလျက်ရှိသည့် နိုင်ငံများသည် စာပေပညာတတ်ကျွမ်းမှုရှိသည့် နိုင်ငံများပင်ဖြစ် ကြောင်း။
နိုင်ငံကောင်းအောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အပေါ်သစ္စာရှိရန်လိုကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး နိုင်ငံကောင်းအောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက် ကြစေလိုကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ ပတ်ဝန်းကျင်ရှိ အင်အားစုများကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေး၊ အသိပညာ အတတ်ပညာများကို ရှာဖွေဆောင်ရွက်နိုင်ရေး လှုံ့ဆော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာရန်များစွာ လိုအပ်ပါကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအကျိုး စီးပွားအတွက် မိမိတို့ လုပ်ဆောင်နေရသည့် ကဏ္ဍများတွင် စေတနာအပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်မှာ ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ် စိန်ရတုနှစ်သို့ပင် ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ဖြတ်သန်းလာသည့် ကာလများတွင် ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာများကို အသုံးချ၍ နိုင်ငံ့ကောင်းရာကောင်းကျိုးတို့ကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဘာသာရေးအဖွဲ့အစည်းများဖြစ်သော်လည်း ဘာသာရေးကို အခြေမခံဘဲ နိုင်ငံ့အရေးနှင့် အမျိုးသားရေးကို အခြေခံ၍ တိုင်းပြည်အကျိုးစီးပွား တိုးတက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ကြမည်ဆိုပါက ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုသည့် စိတ်ဆန္ဒသည် အဓိကဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ဟိန္ဒူဘာသာ အသင်းမှ ဦးဇော်ဇော်နိုင်က ဟိန္ဒူရိုးရာ ဂုဏ်ပြုမင်္ဂလာပုဝါနှင့် မင်္ဂလာပန်းကုံးတို့ကို ဂုဏ်ပြုဝတ်ဆင်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဘာသာပေါင်းစုံအသင်းမှ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်