နေပြည်တော်၊ ဧပြီ ၂၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ ကျောင်းသူများကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ရည်ရွယ်ချက် ၅ ရပ်ဖြင့် တည်ထောင်ခဲ့

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးနိုင်မည့် ပညာရေးဝန်ထမ်းကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ် မေ ၁၀ ရက်တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးပြီး နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များကို အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ရည်ရွယ်ချက် ၅ ရပ်ဖြင့် တည်ထောင်ခဲ့ကြောင်း။

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယခုကဲ့သို့ ရည်မှန်းချက်များသာမက နယ်စပ်ဒေသမှ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆောင်ရွက်ပေးနိုင်မည့် ဒေသခံတိုင်းရင်းသား ခေါင်းဆောင်ငယ်များ ပေါ်ပေါက်လာရေး ရည်မှန်းပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့ရာ ယခုအခါ သင်တန်းဆင်း စုစုပေါင်း ၁၄၀၅၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တို့မယ်တို့ အားလုံးသည်လည်း မကြာခင်ကာလအတွင်း သင်တန်းဆင်းပြီး နိုင်ငံတော်အတွက် အားထားရမည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ် သဖြင့် သိသင့်သိထိုက်သည့် အချက်များနှင့် လိုက်နာရမည့် အချက်များကို မှာကြားလိုကြောင်း။

 

ဦးတည်ချက်ထားပြီး ဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး လက်ရှိပကတိ အခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်ကို ချမှတ်ကာ နိုင်ငံတော်အတွက် မဆုတ်မနစ်ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် လူမှုစီးပွားအခက်အခဲများ၊ နိုင်ငံရေးကို အကြောင်းပြုပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို မလိုလားကြသူ ပြည်တွင်း ပြည်ပ အင်အားစုများ၏ အကြမ်းဖက်နှောင့်ယှက်မှုများ စသည့် စိန်ခေါ်မှု အမျိုးမျိုးကိုရင်ဆိုင်ပြီး နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို မူဝါဒများ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)ဆိုသည့် အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူလူထု အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော် နှင့် လူမှုစီးပွားဘဝများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်အဖြစ် “တိုင်းပြည် သာယာဝပြော ရေး နှင့် “စားရေရိက္ခာဖူလုံရေး ၊ နိုင်ငံရေးလုပ်ငန်း စဉ် (၂) ရပ်အဖြစ် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး တို့ကို ဦးတည်ချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း။

 

ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်

 

တိုင်းပြည်သာယာဝပြောရေးနှင့် ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးတည်ဆောက်ပြီး စိမ်းလန်းသာယာသည့် ပတ်ဝန်းကျင် ကောင်းများနှင့်အတူ ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်စေရန်နှင့် လူမှုစီးပွား ဘဝတိုးတက်ရေးအတွက် ဦးတည်ချက်ထားပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မူလကတည်းက ရှိပြီးဖြစ်သည့် မြေ၊ ရေ၊ သဘာဝ သယံဇာတ စသည့် သဘာဝ အရင်းအမြစ်များကို အကျိုးရှိရှိအသုံးပြုပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ကြိုးပမ်းရာတွင် အခြေကျပြီးဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ် လုပ်ငန်းများကို အရည်အသွေးမြှင့်တင်ပြီး ပြည်တွင်း လိုအပ်ချက်ဖြစ်သည့် အခြေခံ လူသုံးကုန်ပစ္စည်း များကို ပြည်ပမှ တင်သွင်းနေရမှုမှ ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါကလည်း သဘာဝပတ်ဝန်းကျင်ကို မူလအတိုင်းနှင့် ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြန်လည်ဆောင်ရွက်မှသာ စဉ်ဆက်မပြတ်သည့် ဖွံ့ဖြိုးတိုးတက် သာယာဝပြောမှုကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။

 

အစဉ်အလာကို ထိန်းသိမ်းမြှင့်တင်

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် စားရေရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါ ကြောင်း၊ နိုင်ငံတစ်ခုတွင် လူတိုင်းသန့်ရှင်းသည့် သောက်သုံးရေကို လုံလောက်စွာ ရရှိသုံးစွဲနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များကို သင့်တင့်သော ဈေးနှုန်းနှင့် လွယ်လွယ်ကူကူ လုံလုံလောက်လောက် ဝယ်ယူစားသုံးနိုင်မည်ဆိုပါက စားရေရိက္ခာ ပြည့်စုံလုံလောက်ပြီး လုံခြုံမှုရှိသည့် နိုင်ငံအဖြစ် မှတ်ယူနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက်တွင် ပြည်တွင်းစားရေ ရိက္ခာဖူလုံမှုရှိခဲ့သည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှ ပိုလျှံသည့်ထွက်ကုန်များကိုလည်း အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများကို တင်ပို့နိုင်ခဲ့သည့်အတွက် အဆိုပါအစဉ်အလာကို ထိန်းသိမ်းမြှင့်တင်ပြီး ပိုမိုတိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံရေးသမိုင်းကို ပုံဖော်

 

မိမိတို့နိုင်ငံတွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန် ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် မငြိမ်မသက်မှုများ၊ ဆူပူအကြမ်းဖက်မှုများသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် မတရားရယူရန် ကြိုးပမ်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖြစ်သည်ကို မောင်တို့မယ်တို့ အားလုံးအသိပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏ အနာဂတ်ကို ဖော်ဆောင်မည့် ခေါင်းဆောင်များ ရွေးချယ်ခြင်းဖြစ်သဖြင့် အလွန်အရေးကြီးကြောင်း၊ လွတ်လပ်ပြီး တရားမျှတမှသာ ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် အပေါ်တွင် ယုံကြည်မှုရှိမည်ဖြစ်ပြီး ကောင်းမွန်သည့် နိုင်ငံရေး သမိုင်းကို ပုံဖော်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားစေမည်ဖြစ်ကြောင်း။

 

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများ ကိုယ်တိုင်က ရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ် များက ပြည်သူများကိုယ်စား တာဝန်ယူ၊ တာဝန်ခံပြီးအုပ်ချုပ်သည့် စနစ်ပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ် ဆိုသည်မှာ ပြည်ထောင်စုအတွင်း တိုင်းဒေသကြီးများ၊ ပြည်နယ်များတွင် အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာတွင် လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုကြရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း။

 

မတရားမှုများနှင့် ကင်းဝေးစေရမည်

 

တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့၏ အခွင့်အရေးများ၊ နစ်နာမှုများ၊ မိမိတို့ဒေသနှင့်ဆိုင်သည့် အရေးအရာများကို လွှတ်တော်များတွင် တရားဝင်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာကိုယ်စားပြုခွင့်ရရှိနိုင်ရေးအတွက် ရွေးကောက်ပွဲစနစ်ကို လက်ရှိ ကျင့်သုံးနေသည့် ဦးသူအနိုင်ယူ (FPTP) စနစ်အပြင် အချိုးကျကိုယ်စားပြု (PR) စနစ်ကိုလည်း ပေါင်းစပ်ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ဆန္ဒ သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန်အတွက် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှုများနှင့် ကင်းဝေးစေရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပ ပေးနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုမှ ကင်းဝေးစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။

 

မောင်တို့၊ မယ်တို့အနေဖြင့် ရွေးကောက်ပွဲ၏ အနှစ်သာရများကို ကောင်းစွာ နားလည်သဘော ပေါက်ပြီး လွတ်လပ်တရားမျှတသည့်၊ ပွင့်လင်းမြင်သာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ရောက်သည့်နေရာတွင်၊ ကျရာကဏ္ဍမှ ပေးအပ်သည့် တာဝန်များကို တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လည်း မှာကြားလိုကြောင်း။

 

မောင်တို့၊ မယ်တို့သည် ပညာသင်ကြားရေး တာဝန်ယူရမည့် ဆရာ၊ ဆရာမများဖြစ်သဖြင့် မိမိတို့ သင်ကြားပြုစုပျိုးထောင်ပေးရမည့် လူငယ်များကို စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ပုံစံများ သိရှိနားလည်အောင် သင်ကြားပေးကြရန်လိုကြောင်း၊ ထိုသို့သင်ကြားရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှု များကို ထိခိုက်ပျက်စီးမှု မရှိအောင်နှင့် ထိန်းသိမ်း ကာကွယ်လိုစိတ်ရှိအောင် သင်ကြားပေးရမည်လည်း ဖြစ်ကြောင်း၊ ထို့ပြင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများကို စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ၏ သဘောသဘာဝနှင့် ဒီမိုကရေစီ အလေ့အကျင့် ကောင်းများကိုသာ သင်ကြားပေး ရမည်ဖြစ်ကြောင်း။

 

အစဉ်အမြဲတံခါးဖွင့် ကြိုဆို

 

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရန်အတွက် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဓိက လိုအပ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်တို့အနေဖြင့် တာဝန်ယူခဲ့သည့် ကာလအတွင်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ် ရာတွင် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင် အဖွဲ့ (၃) ဖွဲ့ စုစုပေါင်း (၁၀) ဖွဲ့တို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များ ရရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း ကြိုတင် ကန့်သတ်ချက် တစ်ခုမှမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့် ကြိုဆိုထားသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်

 

တပ်မတော်အနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ၂၂ ကြိမ် ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ် ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို တိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင် လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းက တစ်ဆင့် မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့်လည်း မိမိတို့ နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်း ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ်တွင် နိုင်ငံတော် အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

 

 အဓိကအလေးထား ဆောင်ရွက်နေ

 

နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသား အရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ပညာတတ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် မိမိတို့ တာဝန်ယူနေသည့်ကာလတွင် ပညာရေးမြှင့်တင်မှုများကို အဓိကအလေးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ နည်း ပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း KG+9 ပြီးသည်အထိ ပညာသင်ကြားနိုင်ဖို့ ပညာရေးကဏ္ဍကို မြှင့်တင်ပေးနေကြောင်း၊ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရေးနှင့် အခြေခံပညာ အလယ်တန်းအဆင့် KG+9 အထိ မသင်မနေရ ပညာရေးစနစ်သည် နိုင်ငံတော်အစိုးရ၏ ပညာရေးရည်မှန်းချက် ဖြစ်ကြောင်း၊ အနည်းဆုံး KG+9 အဆင့်ပြီးမြောက်မှသာ အခြေခံရသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများကို ဆက်လက် တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများ ဖြစ်သည့်အတွက် ကျေးလက်စီးပွားရေးနှင့် MSME များတွင် အထောက် အကူရရှိနိုင်စေရန် လာမည့်ပညာသင်နှစ်ကစပြီး ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု နည်းပညာ ဘာသာရပ်များကို Grade - 10 မှ Grade - 12 အထိ တွဲဖက်သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ဆက်လက်ပြီး ကျန်သည့် ခရိုင်များ၌ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်က ဦးတည်ချက်ထားပြီး ဆောင်ရွက်ရာ တွင် ဆရာများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည်ကို အမြဲသတိရှိကြရန်လိုကြောင်း၊ “ပညာရေးပြုပြင် ပြောင်းလဲမှု ဆရာများကအစပြု ဆိုသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်မှာ ပညာရေး ကဏ္ဍတွင် ဆရာများ၏ အရေးပါပုံကို မီးမောင်းထိုးပြ နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အနာဂတ် သည်လည်း မျိုးဆက်သစ်လူငယ်များ၏ လက်ထဲ မှာပင်ရှိသည့်အတွက် ပညာသင်ကြားခြင်းသည် ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် အခွင့် အလမ်းတစ်ရပ်ဖြစ်သကဲ့သို့ တာဝန်လည်းဖြစ် ကြောင်း၊ ကုလသမဂ္ဂက ချမှတ်ထားသည့် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးတွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်သည် ထိပ်ဆုံးကပါကြောင်း။

 

နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေး

 

စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာသက်သက်သာမဟုတ်ဘဲ ပညာ ရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစား တွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးသည့် နေရာမျိုးဖြစ်ရန်လိုကြောင်း၊ သို့မှသာ မိမိကိုယ်မိမိ အကျိုးပြုနိုင်သည့်၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြု နိုင်သည့်၊ နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် လူကောင်း လူတော် နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေး နိုင်မည်ဖြစ်ကြောင်း။

 

ပြုစုပျိုးထောင်ပေးရန်လိုအပ်

 

ထို့ပြင် မိမိတို့တပည့် ကျောင်းသား၊ ကျောင်းသူ များကို ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်လာ စေရန် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေး ကြရန်လည်းလိုကြောင်း၊ နိုင်ငံသားတိုင်း ကျန်းမာ ကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ပင်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူမှုရေး ဦးတည်ချက်ထဲတွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး ဆိုသည့်အချက်ကို ထည့်သွင်းချမှတ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတိုးတက်ခြင်း၊ မတိုးတက်ခြင်းဆိုသည်ကို နိုင်ငံသားများ ကျန်းမာ ရေးနှင့် ပညာရေးအခြေအနေကိုကြည့်ပြီး အကဲဖြတ် နိုင်ကြောင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှုနှင့် ကျန်းမာရေးအသိ မပြည့်စုံမှုတို့သည် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းများပင် ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကတစ်ဆင့် ကျန်းမာရေး အသိပညာများ ပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်လူငယ်များကို အရည်အချင်းရှိသည့် ပညာတတ်များဖြစ်လာအောင်၊ အမှားအမှန် များကို ခွဲခြားဆင်ခြင် တွေးခေါ်နိုင်စွမ်းရှိလာအောင် သင်ကြားပေးရန် လိုအပ်သကဲ့သို့ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင်လည်း ပြုစုပျိုးထောင်ပေးရန် လိုအပ် သည်ကို အထူးမှာကြားလိုကြောင်း။

 

မကြာခင်မှာ ကျောင်းသားကျောင်းသူများကို စာပေသင်ကြားပေးသည့် ဆရာ၊ ဆရာမများဖြစ်လာကြမည့် မောင်တို့မယ်တို့အနေဖြင့် ပညာသင်ကြားရေးနယ်ပယ်တွင် “အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ဆိုသည့် ဆရာ့ကျင့်ဝတ်များနှင့်အညီ အနာဂတ် သားကောင်းရတနာများ မွေးထုတ်ပေးနိုင်မည့် အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးပမ်းသွားကြရန်လိုကြောင်း။

 

မဃဒေဝလင်္ကာသစ်တွင်ပါသည့် “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမ တတ်သူ၊ ဆရာဟူလော့ဆိုသည့် ဆရာ့တာဝန်နှင့်အညီ စာတော်၊ စာတတ်ရုံသာမက ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ ကောင်းသည့် တပည့်များဖြစ် အောင် သွန်သင်ဆုံးမပေးကြရန်လည်း မှာကြားလိုကြောင်း၊ မိမိတို့၏ တပည့်၊ ကျောင်းသားကျောင်းသူ များကိုလည်း “ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူ ကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေး အံရွတ်၊ တပည့်ဝတ် ဆိုသည့် လေ့လာသင်ယူစိတ် ပြင်းပြပြီး အသိပညာ၊ အတတ်ပညာ ပြည့်စုံကြွယ်ဝပြီး စိတ်ကောင်းစေတနာကောင်းရှိသည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် အလေးထားပြုစုပျိုးထောင် ပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

 

ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်

 

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် အတူယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သဖြင့် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန် အထူးအရေးကြီးကြောင်း၊ လွတ်လပ်ရေး ရယူခဲ့စဉ်ကလည်း ပင်လုံစာချုပ်ဖြင့် ပြည်ထောင်စု တစ်ခုလုံးကို စုစည်းမှုကို သက်သေပြပြီး ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း ပြည်ထောင်စု စိတ်ဓာတ်က အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများဆိုသည့် စိတ်၊ တောင်ပေါ်မြေပြန့် မခွဲခြား သားချင်းများဆိုသည့် စိတ်၊ မရှိအတူ ရှိအတူ အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော မိသားစုများဆိုသည့် စိတ်ပင်ဖြစ်ကြောင်း၊ အဆိုပါ ပြည်ထောင်စု စိတ်ဓာတ်နှင့်ပင် မိမိတို့တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားယုံကြည်မှုနှင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးကို ရေရှည်တည်တံ့ ခိုင်မြဲအောင် တည်ဆောက်သွားကြရမည်ပင်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်နိုင်ရန်အတွက် အလိုအပ်ဆုံးနှင့် အရေးအကြီးဆုံး အချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် ဒို့တာဝန် အရေးသုံးပါးပင် ဖြစ်ကြောင်း။

 

ထွန်းကားပြန့်ပွားလာအောင် ဆောင်ရွက်

 

ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် နိုင်ငံတော်က မျှော်လင့်အားထားပြီး ပြုစုပျိုးထောင်ပေးထားသည့် သားသမီးများပီသစွာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိပြီး မိမိတို့တာဝန်ကျရာ ဒေသများတွင်ရှိသည့် ကျောင်းသားလူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဖြစ်လာအောင်၊ ဥပဒေစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာသူများ ဖြစ်လာအောင်၊ ဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား အချင်းချင်း ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာတရားများကို အပြန်အလှန် လေးစားတန်ဖိုးထားပြီး လောကကောင်းကျိုး သယ်ပိုးလိုသူများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန် မှာကြားလိုကြောင်း၊ တစ်ဖက်မှလည်း မိမိတို့နိုင်ငံအတွက် အလိုအပ်ဆုံး ဖြစ်နေသည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဒေသအသီးသီးတွင်ရှိသည့် တိုင်းရင်းသားများအကြား ထွန်းကားပြန့်ပွားလာအောင် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

 

မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် “တိုင်းပြည်သာယာ ဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေး ၊ နိုင်ငံရေး လုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး နှင့် “ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး တို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာအခန်းကဏ္ဍမှ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး အတွက် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး တိုင်းရင်းသား ပြည်သူများအကြား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ရရှိလာအောင် စည်းရုံးဦးဆောင်ပေးကြရန်၊ မိမိတို့သင်ကြားပေးရမည့် စာသင်ကျောင်း အသီးသီးရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များကို နိုင်ငံတော်က အားကိုး အားထားပြုနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ပညာတတ် လူကောင်းလူတော်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ရှိလာအောင်၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာသူများ ဖြစ်လာအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးကြရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် တာဝန် ကျေပွန်အောင် ထမ်းဆောင်သွားကြရန် တိုက်တွန်း မှာကြားပြီး ပညာတတ်သည့် မျိုးဆက်နှင့် တိုးတက်သည့် နိုင်ငံတော်ကို ထူထောင်နိုင်ရေးတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက် တာဝန်ထမ်းရွက်သည့် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်ပါစေဟု ဆုတောင်းမေတ္တာ ပို့သကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၅) ကျောင်းသား၊ ကျောင်းသူများကိုယ်စား ရခိုင်ပြည်နယ် သံတွဲ မြို့နယ်မှ ရခိုင်တိုင်းရင်းသား မောင်မင်းခန့်လှိုင်က ဂါရဝပြုကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

mdn

 

အမှတ်တရလက်ဆောင်ပစ္စည်း ဂါရဝပြုပေးအပ်

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကျောင်းသား၊ ကျောင်းသူ နှစ်ဦးက အမှတ်တရလက်ဆောင်ပစ္စည်း ကို ဂါရဝပြုပေးအပ်သည်။

 

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများ၊ ကျောင်းသား၊ ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်