နေပြည်တော် ဇူလိုင် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံမှ အကူအညီများပေးခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းမှ လိမ်လည်မှုများ လျော့နည်းပပျောက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်နှင့်အတူ အဖွဲ့ဝင်များနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်